အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်းပါဝဲလ် ကွယ်လွန်

18-10-2021yyl01.jpg

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကောလင်းပါဝဲလ်ဟာ အသက် ၈၄ နှစ် အရွယ်မှာ ကွယ်လွန်သွားပါပြီ။ သူဟာ ကိုဗစ် ကာကွယ်ဆေး ထိုးထားပေမဲ့ ကိုဗစ်ရောဂါ လက္ခဏာတွေ ခံစားရပြီး တနင်္လာနေ့ နံနက်ပိုင်းက ကွယ်လွန်ခဲ့တာပါ။

သူဟာ ၂၀၀၁ ခုနှစ်က ရီပတ်ဗလစ်ကန်သမ္မတ ဂျော့ဒဗလျူဘုရှ်လက်ထက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရခဲ့ပြီး ဒီရာထူးမှာ ခန့်အပ်ခံရတဲ့ ပထမဆုံး အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားဖြစ်ပါတယ်။ ဒါပေမဲ့ အီရတ်စစ်ပွဲအပေါ် ထောက်ခံသူတွေ များလာအောင် စည်းရုံးခဲ့လို့ ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရသူပါ။

သဘောထားပျော့ပျောင်းတဲ့ ရီပတ်ဗလစ်ကန်ပါတီဝင်တစ်ယောက်ဖြစ်သူ ကောလင်းပါဝဲလ်ဟာ သူ့ပါတီကို ဆန့်ကျင်ပြီး ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ အိုဘားမားကို ထောက်ခံခဲ့သလို ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ဟီလာရီကလင်တန်၊ ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်ကို ထောက်ခံခဲ့သူပါ။ ကောလင်းပါဝဲလ်က ဒေါ်နယ်ထရမ့်ကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိပြီး ဇန်နဝါရီလ ၆ ရက် အမေရိကန်လွှတ်တော် ဝင်ရောက်စီးနင်းခံရတဲ့ဖြစ်ရပ်အပြီးမှာ ဒေါ်နယ်ထရမ့်အနေနဲ့ သူ့ကိုယ်သူ ရီပတ်ဗလစ်ကန်ပါတီဝင်လို့ မခေါ်သင့်တော့ကြောင်း ဝေဖန်ခဲ့ပါတယ်။

ကောလင်းပါဝဲလ်ဟာ သွေးကင်ဆာရောဂါအခံရှိလို့ ကိုဗစ်ရောဂါလက္ခဏာတွေ ပိုခံစားခဲ့ရတာဖြစ်မယ်လို့ အမေရိကန်မီဒီယာတစ်ခုက ဖော်ပြပါတယ်။ သူဟာ ပါကင်ဆန်ရောဂါလည်း ခံစားနေရသူပါ။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ ကောလင်းပါဝဲလ်ကို မိတ်ဆွေကောင်းတစ်ယောက်လို့ သုံးနှုန်းခဲ့ပြီး စစ်သည်တော်အဖြစ်ရော၊ သံတမန်အဖြစ်ပါ အမြင့်ဆုံး နှုန်းစံတန်ဖိုးတွေ ပိုင်ဆိုင်ထားသူလို့ ဂုဏ်ပြုခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top