ဒေါ်နယ်ထရမ့်က အစိုးရသစ်ကို နှောင့်နှေးကြန့်ကြာအောင် လုပ်နေရင် အသက်ဆုံးရှုံးမှုတွေဖြစ်လာနိုင်တယ်လို့ ဂျိုးဘိုင်ဒင် သတိပေး

17-11-2020-yyl-018.jpg

သမ္မတဒေါ်နယ်ထရမ့်က နောက်တက်မယ့် အစိုးရသစ်ကို နှောင့်နှေးကြန့်ကြာအောင် ဆက်လုပ်နေမယ်ဆိုရင် လူ့အသက်ဆုံးရှုံးမှုတွေ ကြုံရနိုင်တယ်လို့ သမ္မတရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က သတိပေးခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဂျိုးဘိုင်ဒင်က ဒယ်လာဝဲပြည်နယ် မိန့်ခွန်းပြောပွဲမှာ ပြောခဲ့တာပါ။

ဒီမိုကရက်တစ်နဲ့ ရီပတ်ဗလစ်ကန်ပါတီ ၂ ခုလုံးက ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်ခံဖို့ တိုက်တွန်းနေပေမဲ့ အခုအချိန်အထိ အရှုံးကို လက်မခံသေးတဲ့ ဒေါ်နယ်ထရမ့်ရဲ့ လုပ်ရပ်က တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့လွန်းတယ်လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ ဂျိုးဘိုင်ဒင်ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ကိုယ်စားလှယ်မဲ ၃၀၆ မဲရရှိခဲ့ပြီး သမ္မတဖြစ်ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်မဲ ၂၇၀ ထက် ကျော်လွန်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့တနင်္လာနေ့ နံနက်ပိုင်းမှာ ဒေါ်နယ်ထရမ့်က ” ကျွန်တော် ရွေးကောက်ပွဲ အနိုင်ရတာပါ”လို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

သမ္မတသစ်အတွက် အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ် စတင်ဆောင်ရွက်ဖို့ တာဝန်ယူထားတဲ့ အစိုးရအေဂျင်စီ General Services Administration (GSA) ကလည်း ဂျိုးဘိုင်ဒင်နဲ့ ကာမာလာဟာရစ်တို့ကို ရွေးကောက်ပွဲအနိုင်ရသူတွေအဖြစ် အသိအမှတ်မပြုသေးပါဘူး။ အဲဒီအတွက် ပုံမှန်အားဖြင့် အစိုးရသစ်ကို ပေးအပ်လေ့ရှိတဲ့ အစိုးရပိုင်းဆိုင်ရာ အရေးကြီးသတင်းအချက်အလက်တွေကို ဂျိုးဘိုင်ဒင်နဲ့ ကာမာလာဟာရစ်တို့ မရသေးပါဘူး။ ဒေါ်နယ်ထရမ့်က အာဏာလွှဲပြောင်းရေးလုပ်ငန်း ဆောင်ရွက်ဖို့ ငြင်းဆန်နေတဲ့အတွက် ဂျိုးဘိုင်ဒင်ရဲ့အဖွဲ့ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဖြူးရေးဗျူဟာရေးဆွဲရာမှာလည်း ပါဝင်ခွင့်မရှိပါဘူး။

” ဒါကို နားလည်ကြရဲ့လား။ အခုလို ပြောနေရတာ ချဲ့ကားပြောဆိုနေတာမဟုတ်ပါဘူး။ လူ့အသက်တွေကို ကယ်တင်ဖို့ ပြောနေတာပါ။ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးဆိုရင် လူတွေသေရလိမ့်မယ်” လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ ကာကွယ်ဆေးဖြန့်ဖြူးရေးစီမံကိန်းမှာ ပါဝင်ဆောင်ရွက်ဖို့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့အထိ စောင့်ရမယ်ဆိုရင် တစ်လခွဲလောက် နောက်ကျသွားလိမ့်မယ်လို့ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။

ဂျိုးဘိုင်ဒင် အနိုင်ရပြီလို့ သတ်မှတ်ထားတဲ့ မစ်ချီဂန်၊ ဂျော်ဂျီယာ၊ ပင်ဆယ်ဗေးနီးယားနဲ့ ဝစ်ကိုဆင်ပြည်နယ် ၄ ခုမှာ ရွေးကောက်ပွဲရလဒ်တွေကို စိန်ခေါ်တဲ့ တရားစွဲဆိုမှုတွေကို ပြီးခဲ့တဲ့တနင်္လာနေ့မှာ ရီပတ်ဗလစ်ကန်ပါတီအားပေးထောက်ခံသူတွေက ပြန်ရုပ်သိမ်းခဲ့ပါတယ်။ တရားစွဲဆိုမှုတွေကို ဘာကြောင့်ရုပ်သိမ်းခဲ့ရလဲဆိုတာ မသိရသေးပါဘူး။ ဂျိုးဘိုင်ဒင်က မဲ ၂၀၀၀၀ လောက် အသာရပြီး အနိုင်ရခဲ့တဲ့ ဝစ်ကိုဆင်ပြည်နယ်မှာ မဲရေတွက်မှုပြန်လုပ်ချင်တယ်ဆိုရင် ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က အမေရိကန်ဒေါ်လာ ၈ သန်းလောက်ပေးရလိမ့်မယ်လို့ ဝစ်ကိုဆင်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ဂျော်ဂျီယာပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေကတော့ မဲမသမာမှုရှိတယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ စွပ်စွဲချက်တွေကို အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ ရွေးကောက်ပွဲညက ဂျော်ဂျီယာပြည်နယ်ရဲ့ ရီပတ်ဗလစ်ကန်ပါတီဘက်ယိမ်းတဲ့စီရင်စုမှာ မဲ ၂၆၀၀ လောက်ကို ထည့်သွင်းရေတွက်ခဲ့ခြင်းမရှိဘူးလို့ ဂျော်ဂျီယာပြည်နယ်အရာရှိတွေက ပြောပါတယ်။ အဲဒီတွေ့ရှိမှုက ဒေါ်နယ်ထရမ့်ရဲ့ မဲရရှိမှုကို ၈၀၀ ထပ်တိုးလာဖွယ်ရှိပေမဲ့ ဂျိုးဘိုင်ဒင်ရဲ့ အနိုင်ရလဒ်ကိုတော့ အပြောင်းအလဲဖြစ်စေဖွယ်မရှိပါဘူး။

ဂျိုးဘိုင်ဒင်က ဂျော်ဂျီယာပြည်နယ်မှာ မဲ ၁၄၀၀၀ ကျော် အသာရနေတာပါ။ ဂျော်ဂျီယာပြည်နယ်မှာ ဂျိုးဘိုင်ဒင်နဲ့ ဒေါ်နယ်ထရမ့်ရဲ့ မဲရရှိမှုက ဝ.၃ ရာခိုင်နှုန်းပဲ ကွာခြားခဲ့လို့ ဂျော်ဂျီယာပြည်နယ်တစ်ဝန်းမှာ မဲတွေကို လက်နဲ့ပြန်ရေနေပါတယ်။

Ref: BBC ” Biden: ‘More people may die’ as Trump transition stalls”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top