မိဘတွေအလုပ်လုပ်ရာလယ်ကွင်းမှာ ဘွဲ့ဝတ်စုံဝတ်လျက် မိဘတွေနဲ့အတူဓာတ်ပုံရိုက် ဂုဏ်ပြုခဲ့တဲ့ ကောင်မလေး

rocha1.png

မကြာသေးခင်က ကယ်လီဖိုနီးယားပြည်နယ်ရဲ့ ဘွဲ့ရကျောင်းသူလေးတစ်ယောက်ရဲ့ပုံတွေဟာ လူမှုကွန်ယက်မှာပျံ့နှံ့လာခဲ့ပါတယ်။ ရွှေ့ပြောင်းလယ်သမားအဖြစ် သူ့မိဘတွေ အလုပ်လုပ်ကိုင်နေတဲ့ လယ်ကွင်းမှာ ဘွဲ့ယူတဲ့နေ့က သူ့မိဘတွေနဲ့အတူ ရိုက်ခဲ့တဲ့ပုံတွေပါပဲ။ အဲဒီဓာတ်ပုံတွေကို သူမကိုယ်တိုင်ပဲ ဖေ့စ်ဘွတ်ခ်အကောင့်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။

ဂျက်စီကာရိုချာ (Jessica Rocha) အမည်ရတဲ့ အဲဒီကောင်မလေးဟာ အခုလအစောပိုင်းက Sociology ဘာသာရပ်နဲ့ ကယ်လီဖိုနီးယားတက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါတယ်။ ဖေ့စ်ဘွတ်မှာ ရေးသားထားတာကတော့ သူ့မိဘတွေက မက္ကဆီကိုနိုင်ငံ၊ မီချိုအာကန်ပြည်နယ်ကနေ ရွှေ့ပြောင်းလာခဲ့တာဖြစ်ပြီး သူအရွယ်ရောက်လာတော့ သူ့မိဘတွေက သူ့ကို အဆင်မြင့်ပညာရေးတစ်ခုကို သင်ယူတက်မြောက်ဖို့က ဘယ်လောက်အရေးကြီးလဲဆိုတာ နားလည်တတ်စေဖို့ လယ်ကွင်းမှာ အလုပ်လုပ်စေခဲ့ပါတယ်တဲ့။

အထက်တန်းရောက်တော့လည်း ကျောင်းဆင်းတာနဲ့ လယ်ကွင်းမှာ ရိုချာအလုပ်လုပ်ခဲ့ရတယ်။ သူ့ဖခင်နဲ့အတူ တစ်ညလုံး အလုပ်လုပ်ရပြီး မနက် ၂ နာရီ (သို့) ၃ နာရီဝန်းကျင်လောက်အထိ စတော်ဘယ်ရီပင်တွေ စိုက်ခဲ့ရတယ်။ ပြီးရင် ကျောင်းကားမီဖို့အတွက် မနက် ၅ နာရီထခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျွန်မ အလုပ်သမားတွေကို လေးစားခဲ့တယ်။ ယင်ကောင်တွေ၊ ခြင်တွေ၊ ပိုးကောင်တွေက သူတို့ရဲ့မျက်နှာပေါ် ဝဲပျံပြီး မျက်လုံးထဲဝင်လို့ နာကျင်နေရင်တောင် အလုပ်မပျက်ခဲ့ဘူး။ ကုန်စုံဆိုင်မှာ တင်ထားတဲ့ ဟင်းသီးဟင်းရွက်တွေရဲ့နောက်ကွယ်မှာ ဘယ်တွေဖြစ်ခဲ့လဲဆိုတာ ဘယ်သူမှ မစဉ်းစားခဲ့သလို မြင်လည်းမမြင်ခဲ့ကြဘူး” လို့ ရိုချာက ပြောပါတယ်။ ရိုချာဟာ ပိတ်ရက်တွေဆိုရင်လည်း လယ်ကွင်းမှာ အလုပ်လုပ်ရပြီး University of California Police Department မှာ အလုပ်ရတော့လည်း အလုပ်ကအပြန် လယ်ကွင်းမှာ အလုပ်ဆက်လုပ်ခဲ့ရပါတယ်။

“ကျွန်မ ပင်ပန်းလို့ အကြိမ်တော်တော်များများ လက်လျော့ချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့မိဘတွေက ကျွန််မ လယ်အလုပ်ဆက်လုပ်နိုင်ဖို့ တွန်းအားတွေဖြစ်စေခဲ့ပါတယ်။ ကျွန်မရဲ့မိဘတွေက ကျွန်မကို အခုလို မပျိုးထောင်ခဲ့ဘူးဆိုရင် အခု ကျွန်မ ဘယ်လိုဖြစ်နေမလဲတောင် မသိဘူး” လို့ ဆိုပါတယ်။ ဘွဲ့ယူတဲ့နေ့ လယ်ကွင်းမှာ ရိုချာနဲ့ သူ့မိဘတွေ အတူရိုက်ခဲ့တဲ့ ဓာတ်ပုံတွေထဲကတစ်ခုကတော့ သူ့မိဘတွေနဲ့အတူ ငရုတ်ပွသီးစိုက်ခင်းပေါ်ကနေ ဘွဲ့ဉီးထုပ်ကို ကိုင်နေတဲ့ ပုံပါပဲ။ နောက်ထပ်ပုံတွေကတော့ စိုက်ခင်းမှာ ဘွဲ့ဝတ်စုံကြီးနဲ့ သူကိုယ်တိုင်ငရုတ်ပွသီးခူးနေတဲ့ပုံဖြစ်ပါတယ်။

အွန်လိုင်းပေါ်က လူတော်တော်များများက သူ့အလုပ်အတွက် ချီးကျူးစကားဆိုခဲ့ပြီး ဘွဲ့ရခဲ့တဲ့အတွက် ဂုဏ်ပြုဆုတောင်းပေးခဲ့ကြပါတယ်။

Ref: CBSNews “College graduate honors her parents with photos in fields where they worked”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top