ကျောင်းကားထက် ပိုရှည်တဲ့ ကမ္ဘာ့အကြီးဆုံး မြွေမျိုးစိတ်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို တူးဖော်တွေ့ရှိ

14.4.24-yyl-22.jpg

ကျောင်းကားတစ်စီးထက် ပိုရှည်လျားပြီး သမိုင်းဦးခေတ်မှ ကမ္ဘာ့အကြီးဆုံး မြွေမျိုးစိတ်တစ်ကောင်ရဲ့ကျောက်ဖြစ်ရုပ်ကြွင်းကို အိန္ဒိယနိုင်ငံမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။ (ယခုအချိန်မှာ)မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်တဲ့ အဲဒီမြွေမျိုးစိတ်ဟာ ယနေ့ခေတ်မှာ တွေ့ရတဲ့ အန်နာဂွန်ဒါ၊ စပါးအုံးမြွေတို့ထက် များစွာပိုမိုရှည်လျားပါတယ်။ အိန္ဒိယနိုင်ငံမှာ ရှာဖွေတွေ့ရှိတာဖြစ်လို့ ဟိန္ဒူနတ်ဘုရား ရှီဝရဲ့လည်ပင်းမှာ ရစ်ခွေနေတဲ့ ဒဏ္ဍာရီထဲက မြွေနာမည်ကို အစွဲပြုကာ ဝါဆူကီလို့ အမည်ပေးထားပါတယ်။

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရဲ့ ကျောက်မီးသွေးမိုင်းတွင်းမှာ ၂၀၀၅ ခုနှစ်က ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေတဲ့ မြွေကျောရိုးဆစ် (တချို့ဆို တစ်ခုနဲ့တစ်ခု ဆက်နေ) ၂၇ ခုကို တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး အသေးစိတ်အစီရင်ခံစာကို မကြာခင်ကမှ ထုတ်ပြန်ခဲ့တာပါ။ ကျောရိုးဆစ်တွေအရ အဲဒီမြွေကြီးရဲ့အရှည်ဟာ ၃၆ ပေကနေ ပေ ၅၀ အထိ ရှိလိမ့်မယ်လို့ သုတေသီတွေက တွက်ချက်မှု နည်းစနစ် ၂ ခုပေါ် အခြေခံ တွက်ဆထားပါတယ်။

မြွေတွေဟာ သွေးအေးသတ္တဝါဖြစ်ပြီး ရှင်သန်ဖို့အတွက် ပတ်ဝန်းကျင်ရဲ့အနွေးဓာတ် (အပူချိန်)ကို လိုအပ်ပါတယ်။ ပတ်ဝန်းကျင်အပူချိန် မြင့်လေလေ၊ သူတို့ရဲ့ကိုယ်တွင်း အပူချိန် မြင့်လေလေဖြစ်ပြီး ဇီဝကမ္မဖြစ်စဉ် အားကောင်းလာလို့ မြွေတွေရဲ့ အရွယ်အစားက ပိုမိုကြီးထွားလာတာလို့ စာတမ်းပြုစုတဲ့ သုတေသီတွေက ဆိုပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံးမြွေမျိုးစိတ်အဖြစ် သတ်မှတ်ထားတာကတော့ ကိုလံဘီယာနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းအရ တီတာနိုဘိုအာမြွေမျိုးစိတ်ဖြစ်ပြီး အရှည် ၄၂.၇ ပေ၊ ခန္ဓာကိုယ်အလေးချိန် ပေါင် ၂၅၀၀ အထိ ရှိပါတယ်။

Ref:Colossal prehistoric snake discovered in India

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top