ကွန်ကရစ်တုံး ဖြစ်တော့မယ့်အန္တရာယ်ကနေ အံ့ဖွယ်လွတ်မြောက်လာတဲ့ ဇီးကွက်ကြီး

owl.jpg

အမေရိကန်နိုင်ငံ ယူတားပြည်နယ်မှာ ကွန်ကရစ်ဖျော်စက်ထဲ ပြုတ်ကျသွားပြီး မာခဲစ ပြုနေတဲ့ ဇီးကွက်ကြီးကို တိရစ္ဆာန်ဆရာဝန်တွေက အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပြီးနောက် သူ ကျင်လည်ကျက်စားရာ တောအုပ်ထဲကို ပြန်လည်ရောက်ရှိသွားခဲ့ပါပြီ။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကွန်ကရက်ဖျော်စက်ထဲကနေ ဆယ်တင်လိုက်ချိန်က ဇီးကွက်ကြီးရဲ့ ခန္ဓာကိုယ် လေးပုံ၊ တစ်ပုံလောက်ဟာ ကွန်ကရစ်ရည်တွေ ပေကျံနေပြီး ကွန်ကရစ်တွေ မာခဲစ ပြုနေပါပြီ။ ကွန်ကရစ်တွေ လုံးဝခြောက်သွေ့သွားရင် ဇီးကွက်ကြီးဟာ အသက်ရှူကျပ်ပြီး သေဆုံးသွားဖွယ် ရှိပါတယ်။

ဆေးရုံကို ရောက်ရောက်ချင်း တိရစ္ဆာန်ဆရာဝန်တွေဟာ အချိန်မဆိုင်းဘဲ အရေးပေါ် ကုသမှုတွေ လုပ်ပေးခဲ့တာပါ။ ဓာတုပစ္စည်းတွေကြောင့် အရေပြား လောင်ကျွမ်းမသွားအောင် ရေနွေးနွေးတွေ၊ အထူးဆေးရည်တွေနဲ့ အမွေးတစ်ချောင်းချင်းစီကို စိတ်ရှည်လက်ရှည် ဆေးကြောပေးခဲ့ရတယ်။

ဇီးကွက်ကြီးရဲ့ ခန္ဓာကိုယ်ပေါ်က ကွန်ကရစ်တွေကို မိနစ် ၂၀ ကြာ ရေချိုးသန့်စင်မှုတွေနဲ့ ရက်ပေါင်းများစွာ ဖယ်ရှားပေးခဲ့ရပေမဲ့ စိန်ခေါ်မှုကတော့ ပြီးမသွားခဲ့ပါဘူး။ ကွန်ကရစ်ဒဏ်ကြောင့် ဇီးကွက်ကြီးရဲ့ အမွေးအတောင်တွေဟာ ပျက်စီးသွားခဲ့ပြီး တောတွင်းမှာ အသက်ရှင်ဖို့ အရေးအကြီးဆုံးဖြစ်တဲ့ “အသံတိတ် ပျံသန်းနိုင်စွမ်း” ပျောက်ဆုံးသွားခဲ့ပါတယ်။ ပျံသန်းတိုင်းမှာ လေတိုးသံ ထွက်နေတဲ့အတွက် သားကောင်တွေက ကြိုသိပြီး ထွက်ပြေးသွားနိုင်လို့ တောထဲလွှတ်ရင် အစာငတ်ပြီး သေဆုံးသွားနိုင်တဲ့ အခြေအနေ ဖြစ်နေခဲ့ပါတယ်။

နွေဦးရာသီ ရောက်ရင် ဇီးကွက်ကြီးရဲ့ အမွေးဟောင်းတွေ ကျွတ်ပြီး အမွေးအသစ်တွေ သဘာဝအတိုင်း ပြန်ပေါက်လာလိမ့်မယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေက ယူဆထားခဲ့ပါတယ်။ ဒါပေမဲ့ အမွေးလဲလှယ်ခြင်း ဖြစ်စဉ်က မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ ဇီးကွက်ကြီးဟာ လှောင်အိမ်ထဲမှာပဲ တစ်သက်လုံး ဖြတ်သန်းသွားရတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေက တစ်ခါမျှ မလုပ်ဖူးသေးတဲ့ “Imping” အထူးခွဲစိတ်မှု ပညာရပ်(အခြားသေဆုံးသွားသော ဇီးကွက်တစ်ကောင်ရဲ့ အမွေးကောင်းတွေကို ကော်နဲ့ အပ်ချည်အသုံးပြုပြီး ပျက်စီးနေတဲ့ အမွေးရိုးတံတွေထဲ အစားထိုး ဆက်ပေးရတဲ့) ကို လေ့လာပြီး ဇီးကွက်ကြီးရဲ့ အမွေးအတောင်တွေကို အစားထိုး ပြုပြင်ပေးခဲ့ကြတာပါ။

ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ စေတနာ၊ ဆရာဝန်တွေရဲ့ ကျွမ်းကျင်မှုတွေကြောင့် ဇီးကွက်ကြီးဟာ ရက်ပိုင်းအတွင်းမှာပဲ ပျံသန်းနိုင်စွမ်း သိသိသာသာ တိုးတက်လာခဲ့ပြီး အခုအချိန်မှာတော့ သူ့ရဲ့ ပိုင်နက်ဖြစ်တဲ့ တောအုပ်ကြီးထဲကို ဘေးကင်းစွာ ပြန်လည်ပျံသန်း သွားနိုင်ခဲ့ပါပြီ။

Ref: Concrete-covered owl returns to the wild after feather surgery

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top