အမှိုက်ပုံထဲမှ စားစရာတွေ ရှာစားပြီး အိမ် ၁၀ လုံး ပိုင်ဆိုင်တဲ့ ကမ္ဘာ့ကပ်စေးအနည်းဆုံး သူဌေး

23.2.24-yyl-13.jpg

အသက် ၈၀ အရွယ် ဂျာမန်အဘိုးအို ဟိန့်ဇ်ဘီကိုတော့ ကမ္ဘာ့ကပ်စေးအနည်းဆုံး သန်းကြွယ်သူဌေးလို့ လူသိများပါတယ်။ ရုတ်တရက် ကြည့်လိုက်ရင်တော့ သူ့ပုံစံက အိမ်ရာမဲ့တစ်ဦးလိုပါပဲ။ ဟောင်းနွမ်းစုတ်ပြတ်တဲ့ အဝတ်အစားတွေ ဝတ်ပြီး အမှိုက်ပုံထဲမှာ စားစရာ လိုက်ရှာနေတဲ့ ဟိန့်ဇ်ဘီကို ဘယ်သူကမှ သန်းကြွယ်သူဌေးလို့ ထင်ကြမှာမဟုတ်ပါဘူး။

ဒါပေမဲ့ သူက အိမ် ၈ လုံးနဲ့ တိုက်ခန်း ၂ ခန်း ပိုင်ဆိုင်သူပါ။ မကြာသေးခင်ကမှ ဘဏ်အကောင့်ထဲကနေ ယူရို ၇ သိန်းထုတ်ပြီး ၈ လုံးမြောက်အိမ်ကို ဝယ်ယူခဲ့တာပါ။ ဒါတင်မကသေးပါဘူး။ ယူရို ၁ သိန်းကို အတိုးနှုန်း ပိုများတဲ့ စာရင်းသေအပ်ငွေအဖြစ် ပြောင်းလဲ အပ်နှံခဲ့ပါသေးတယ်။ ဟိန့်ဇ်ဘီက တစ်ဘဝလုံး ခြိုးခြံချွေတာခဲ့သလို သူ့အတွက် ငွေကြေးဆိုတာလည်း မလိုအပ်ဘူး၊ အမှိုက်ပုံက တွေ့တဲ့စားစရာနဲ့ တခြားသူတွေ စွန့်ပစ်ထားတဲ့ အသုံးအဆောင်တွေကို ကောက်ယူသုံးစွဲပြီး ဘဝဖြတ်သန်းရတာ ပျော်ရွှင်နေတယ်လို့လည်း သူက ဆိုပါတယ်။

ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်း ဒမ်စတက်မြို့မှာ နေထိုင်တဲ့ ပင်စင်စားအဘိုးအို ဟိန့်ဇ်ဘီအကြောင်း ၂၀၂၁ ခုနှစ်မှာ သတင်းစတင်ဖော်ပြခဲ့ကြတာဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ အိမ် ၇ လုံး၊ တိုက်ခန်း ၂ ခန်းနဲ့ ဘဏ်အကောင့်ထဲမှာ ယူရို ၅ သိန်း ရှိရာကနေ အခုလို ငွေတွေ ထပ်မံတိုးပွားလာခဲ့တာပါ။ သူက အိမ်တွေ၊ တိုက်ခန်းတွေကိုလည်း သူ နေထိုင်ရာအနီးတစ်ဝိုက်မှာ ဝယ်ယူပြီး အိမ်ပြင်ဆင်ဖို့ လိုအပ်လာရင်လည်း စက်ဘီးတစ်စီးနဲ့ သူကိုယ်တိုင် သွားပြင်တတ်ပါတယ်။ တခြားသူကို ငှားပြီး လုပ်ခိုင်းတာမျိုး မရှိပါဘူး။

အငြိမ်းစား လျှပ်စစ်အင်ဂျင်နီယာ ဟိန့်ဇ်ဘီဟာ လစဉ်လတိုင်း ပင်စင်ငွေ ယူရို ၃၇၅၀ ရရှိနေပြီး အသုံးစရိတ် မကုန်တာကြောင့် ဘဏ်အကောင့်ထဲမှာ ငွေတွေ အသားတင် စုမိလာတာပါ။ သူ့မှာ မိသားစုလည်း မရှိလို့ သူသာ ကွယ်လွန်သွားရင် သူ့ပိုင်ဆိုင်မှုတွေကို ဘယ်သူ့အတွက် ချန်ရစ်ထားခဲ့မလဲဆိုတာလည်း တိတိကျကျ မသိရသေးပါဘူး။

Ref:World’s Most Frugal Millionaire Rummages Through Trash Cans for Food

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top