ကွန်နက်တီကတ်ပြည်နယ်က ဒရုန်းနဲ့ အဖျားရှိမရှိ အဝေးကနေ တိုင်းတဲ့နည်းပညာကို တီထွင်စမ်းသပ်

24-4-2020-yyl-022.jpg

ပေ ၁၉၀ မှာရှိတဲ့လူတစ်ယောက်မှာ အဖျားရှိလား၊ ချောင်းဆိုးလားဆိုတာကို ဒရုန်းနဲ့ ခြေရာခံပေးတဲ့ pandemic drone နည်းပညာကို စတင်စမ်းသပ်ဖို့ စီစဉ်နေတယ်လို့ ကွန်နက်တီကတ်ပြည်နယ်ရဲဌာနက ပြောပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ကျွမ်းကျင်သူတွေက ဒီနည်းပညာက အလုပ်ဖြစ်နိုင်လား၊ အလုပ်ဖြစ်တယ်ဆိုရင် ကိုရိုနာဗိုင်းရပ်ပျံ့နှံ့မှုကို ထိန်းချုပ်ပေးနိုင်ရဲ့လားဆိုပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။

မြို့ရဲ့အုပ်ချုပ်ရေးအရာရှိက သူတို့ရဲ့ရည်မှန်းချက်က ကပ်ရောဂါကို လျော့ပါးသွားစေနိုင်မယ့် ပရိုဂရမ်တစ်စိတ်တစ်ပိုင်းအဖြစ် နည်းပညာကို အသုံးပြုဖို့ဖြစ်တယ်လို့ ပြောပါတယ်။ “Social Distancing က ဗိုင်းရပ်စ်ကို လျော့နည်းသွားစေပြီး အသက်ကို ကယ်တင်နိုင်တယ်ဆိုတာ ကကျွန်တော်တို့ သိကြပါတယ်။ COVID-19 ဖြစ်ပွားနေချိန်အတွင်း ပြည်သူတွေ လုံခြုံဖို့နဲ့ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကိုတဖြည်းဖြည်းနဲ့ ပြန်ရောက်ရှိဖို့ ကြိုးစားအားထုတ်တဲ့အနေနဲ့ တတ်နိုင်သမျှ ဗိုင်းရပ်စ်ကူးစက်ခံရမှုကို ကာကွယ်ဖို့ ကျွန်တော်တို့ နည်းလမ်းတွေရှာသင့်တယ်” လို့ ဆိုပါတယ်။ သူကတော့ နေထိုင်သူတွေ လုံခြုံစေနိုင်မယ့် နည်းလမ်းတွေကို ဖော်ထုတ်နေတဲ့အတွက် ရဲဌာနကို ချီးမွှမ်းခဲ့ပါတယ်။

ကွန်နက်တီကတ်ပြည်နယ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ (၂၀,၃၀၀) ဦးနဲ့ သေဆုံးသူ (၁,၄၀၀) ကျော်ရှိနေပါတယ်။ အဲဒီပြည်နယ်မှာရှိတဲ့ Westportမြို့ရဲ့ ရဲဌာနက ဒရုန်းက ပိုကောင်းတဲ့ကျန်းမာရေးထောက်ပံ့မှုတွေ လုပ်နိုင်ဖို့ ကူညီပေးနိုင်ပြီး သီးသန့်နေရာတွေမှာ ရှိတဲ့လူတွေကို စမ်းသပ်ဖို့အတွက် အသုံးပြုမှာမဟုတ်သလို facial-recognition နည်းပညာကိုလည်း အသုံးပြုမှာမဟုတ်ဘူးလို့ ပြောပါတယ်။ ဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့နေရာမှာ အခက်အခဲအဖြစ်ဆုံးအရာက လူ့အသိုက်အဝိုင်းမှာ ဘယ်လောက် ပျံ့နှံ့နိုင်လဲဆိုတာကို သိရဖို့ကြိုးစားနေရပြီး ဒရုန်းက ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ကူညီနိုင်ပါတယ်လို့ ရဲမှူးချုပ်က ဆိုပါတယ်။ “ဒီနည်းပညာကြောင့် ကျွန်တော်တို့ရဲဝန်ထမ်းတွေက ပေးထားတဲ့အခြေအနေမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် လိုအပ်တဲ့ဒေတာတွေ၊ သတင်းအချက်အလက်တွေကို ရရှိမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီပရိုဂရမ်ကို စမ်းသပ်စဉ်အတွင်းမှာ ဒရုန်းက လူတစ်ယောက်အဖျားရှိတယ်ဆိုတာ ပြရင် ဘာလုပ်ဆောင်ချက်မှလုပ်မှာမဟုတ်ပါဘူး။ ဒရုန်းက သတင်းအချက်အလက်တွေကို အကဲဖြတ်ဖို့အာရုံစိုက်ရုံပါပဲ။ ဒရုန်းက လူတွေရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သိုလောင်တာ၊ ရိုက်ကူးတာတွေလုပ်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ American Civil Liberties Union of Connecticut (ACLU-CT)ရဲ့အမှုဆောင်ဒါရိုက်တာကတော့ ဒီနည်းပညာကိုဆန့်ကျင်ထားပါတယ်။ ဒရုန်းက ဘယ်ဒေတာတွေကို စုဆောင်းမလဲဆိုတဲ့ အချက်အလက်တွေ ပိုသိချင်တယ်လို့ ပြောပါတယ်။ လူတစ်ယောက်က ဗိုင်းရပ်စ်လက္ခဏာရပ်တွေပြနေရင် အဲဒါကို ဒရုန်းက သေသေချာချာခြေရာခံနိုင်ပါမလားဆိုပြီး သံသယဖြစ်နေပါတယ်။

ဒီနည်းပညာနဲ့ပတ်သက်ပြီး ထောက်ခံတဲ့သူရှိသလို ဆန့်ကျင်တဲ့သူတွေလည်းရှိနေဦးမှာပါ။ Westport Police Department က အပြစ်သားတွေနဲ့ ပျောက်ကွယ်နေတဲ့အရာဝတ္ထုတွေကို ခြေရာခံဖို့ ရဲတပ်ဖွဲ့ကို အကူအညီပေးတဲ့အနေနဲ့ ၂၀၁၆ခုနှစ်မှာ ဒရုန်းပရိုဂရမ်ကို အကောင်အထည်ဖော်ခဲ့တာပါ။ နောက်ပိုင်းမှာ မတော်တဆအမှုတွေနဲ့ ကယ်ဆယ်ရေးတွေမှာ ကူညီပေးဖို့အတွက် ပရိုဂရမ်ကိုတိုးချဲ့ခဲ့ပါတယ်။

Ref: Connecticut town tests ‘pandemic drone’ to find fevers. Experts question if it would work

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top