ကာကွယ်ဆေး ရောက်ပြီဆိုပြီး မပေါ့ဆကြဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

27-1-2021-yyl-19.jpg

ကိုဗစ်-၁၉ ကာကွယ်ဆေးရပြီဆိုပြီး ကျန်းမာရေးသတိ မပေါ့ဆကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဇန်နဝါရီလ (၂၇)ရက်နေ့က နေပြည်တော် သူနာပြုသင်တန်းကျောင်းမှာ ကျန်းမာရေးဝန်ကြီးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်ကာကွယ်ဆေးထိုးတာကို လာရောက်ကြည့်ရှုရာမှာ ပြောကြားခဲ့တာပါ။

“ဒီကြားထဲမှာ သတိပြုရမှာက သတိထားဖို့ပဲ ။ဘာဖြစ်လို့လဲဆိုတော့ နည်းနည်းပေါ့သွားမှာ စိုးလို့။စိုးရိမ်လို့ပေါ့နော် ။ အာ . . . ဆေးတွေ ရောက်လာပြီဆိုရင် ချက်ချင်းပဲအားလုံး ရောက်လာတာမဟုတ်ဘူး။ စောင့်ရဦးမယ်။ ကိုယ့်နိုင်ငံက ထုတ်တယ်ဆိုရင် ကြိုက်သလောက် ထုတ်လို့ ရတယ်။ သူများနိုင်ငံက သွင်းရတာ။ အားလုံးကနေ ဝိုင်းပြီးလုပ်ပြီး သွင်းရတာ။ ကိုယ်လိုချင်သလောက်လည်း သွင်းရတာ မဟုတ်ဘူး။ နိုင်ငံတော်ကတော့ ပေးမှာပဲ၊ ဘယ်လောက်ပဲ ပေးရ၊ ပေးရ ပေးပြီးသွင်းမှာပဲ။ ဒါပေမဲ့ ပစ္စည်းရှိမှ ယူလို့ရတာ။ဒီအချိန်မှာ သတိထားစေချင်တယ် ။အဲ့ဒါကြောင့်မို့ ကပ်ကပ်မနေကြပါနဲ့လို့ ပြောနေတာ” လို့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ သာမန်ကာကွယ်ဆေးထိုးရင်တောင် ဖြစ်တတ်တဲ့ ကိုက်တာခဲတာတို့ ၊ဖျားချင်တာတို့ ဖြစ်တတ်ပေမဲ့ အရမ်းစိုးရိမ်စရာမလိုဘူးလို့ ဆိုပါတယ်။ အတွေ့အကြုံမရှိသေးတော့ နည်းနည်းစိုးရိမ်တာမျိုးက ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

ဆေးထိုးပြီးရင်လည်း ချက်ချင်းပြန်မလွှတ်ပဲ ခဏစောင့်ကြည့်တာတို့၊ ဆေးထိုးပြီး ဖြစ်တတ်တဲ့ လက္ခဏာတွေနဲ့ ပတ်သက်လို့ ကိုယ်တိုင်လိုက်နာ ဆောင်ရွက်နိုင်အောင် စာရွက်လေးတွေလည်း ထုတ်ပေးထားတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
“ဘာမဆိုပေါ့နော် အတွေ့အကြုံမရှိသေးတဲ့ ကိစ္စဆိုတော့ နည်းနည်းပါးပါး စိုးရိမ်နေတာကတော့ သဘာဝကျပါတယ်။ နောက်ပြီးတော့ ဘေးထွက်ဆိုးကျိုးလေးတွေ ရှိတတ်တယ်။ ဆိုးဆိုးဝါးဝါးကြီးတော့ မဖြစ်ပါဘူး။ သာမန်ကာကွယ် ဆေးထိုးရင်တောင် ဖြစ်တတ်တယ်လေ။ အနာရင်းတာတို့ ဒါမှမဟုတ် ကိုက်တာ ခဲတာတို့ ၊ဖျားချင် နာချင်တာတို့ က သာမန်ကာကွယ်ဆေးထိုးရင်တောင် ဖြစ်တတ်တယ်။

ဒီကြားထဲမှာ ရောဂါလက္ခဏာ ဘာဖြစ်လဲဆိုတာ ကြည့်ပေးမှာ။ ဒီလိုပဲ ထိုးပြီးပြန်လွှတ်လိုက်မှာ မဟုတ်ဘူး။ အားလုံးကို နာရီဝက်ထားပြီး စောင့်ကြည့်ပြီးတော့ အခြေအနေ ဘယ်လိုဖြစ်တယ်ဆိုတာကြည့်မယ်။ နောက်ပြီးတော့ သူ့အခြေအနေ ဘယ်လို ဖြစ်တယ်ဆိုတာကို ကြည့်မယ်။ ဒီကြားထဲမှာလည်း စာရွက်လေးတွေ ထုတ်ပေးထားတယ်။ ဘယ်လိုရောဂါလက္ခဏာတွေ ဖြစ်လာလို့ရှိရင် စိတ်ပူစရာ မလိုဘူး တို့၊ စိတ်ပူစရာ လိုတယ်တို့၊ကိုယ့်ဟာကိုယ်လည်း ကိုယ်သိရအောင်လို့” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာ ကျန်းမာရေးဝန်ထမ်း (၃၀၀၀) ကျော်ရှိပြီး သက်ဆိုင်ရာမြို့နယ်ဆေးရုံအလိုက်တွေမှာ ထိုးနှံပေးသွားမှာဖြစ်ပါတယ်။

ရဲကိုဦး ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top