ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုအကြောင်း သတင်းရေးခဲ့တဲ့ တရုတ်ဂျာနယ်လစ် ထောင်ဒဏ်ကျခံရဖွယ်ရှိ

image.png

ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုအကြောင်း သတင်းရေးသားခဲ့တဲ့ တရုတ်ဂျာနယ်လစ် အမျိုးသမီးဟာ ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရဖွယ်ရှိနေပါတယ်။ အသက် ၃၇ နှစ်ရှိတဲ့ ကျန်းကျန်ဟာ ပြီးခဲ့တဲ့မေလကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။ တရုတ်နိုင်ငံမှာ တက်ကြွလှုပ်ရှားသူတွေကို စွဲချက်တင်ဖို့ မကြာခဏ အသုံးပြုလေ့ရှိတဲ့ ငြိမ်ဝပ်ပိပြားရေး နှောင့်ယှက်မှုနဲ့ ကျန်းကျန်ကို စွဲချက်တင်ထားပြီး ဥပဒေပုဒ်မ (၂၉၃)အရ အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

စွဲချက်တင်ထားတဲ့ စာရွက်အရ ကျန်းကျန်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ဝူဟန်မြို့ကို သွားခဲ့ပြီး သတင်းတော်တော်များများ ရေးသားခဲ့ပါတယ်။ သူ ရေးခဲ့တဲ့ သတင်းတွေထဲမှာ အလွတ်တန်းဂျာနယ်လစ်တွေ ထိန်းသိမ်းခံထားရတဲ့အကြောင်း၊ အင်တာဗျူးဖြေဆိုခဲ့တဲ့ လူနာတွေရဲ့ မိသားစုတွေ အနိုင်ကျင့်ခံရတဲ့အကြောင်းတွေ ပါဝင်တယ်လို့ တရုတ်နိုင်ငံ လူ့အခွင့်အရေးကာကွယ်သူများ ကွန်ရက် (CHRD)က ပြောပါတယ်။ ဒါပေမဲ့ ကျန်းကျန်ဟာ မေလ ၁၄ ရက်မှာ ဝူဟန်မြို့ကနေ ပျောက်ကွယ်သွားခဲ့ပြီး နောက်တစ်ရက်အကြာမှာတော့ မိုင် ၄၀၀ ကျော် ကွာဝေးတဲ့ ရှန်ဟိုင်းမြို့မှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဇွန်လ ၁၉ ရက်မှာတော့ ကျန်းကျန်ကို ရှန်ဟိုင်းမြို့မှာ တရားဝင်ဖမ်းဆီးခဲ့ပြီး နောက် ၃ လလောက်ကြာတော့မှ သူ့ရှေ့နေက သူနဲ့တွေ့ခွင့်ရခဲ့ပါတယ်။ ကျန်းကျန်က သူ အဖမ်းခံရတာကို ဆန္ဒပြတဲ့အနေနဲ့ အစာငတ်ခံသပိတ်မှောက်ခဲ့ပေမဲ့ အတင်းအကျပ် အစားအစာကျွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့မှာ ကျန်းကျန်ကို တရားဝင်စွဲချက်တင်ခဲ့တာပါ။ စွဲချက်တင်တဲ့စာရွက်ထဲမှာ ရေးသားချက်အရ ကျန်းကျန်ဟာ စာသား၊ ဗီဒီယိုနဲ့ WeChat၊ Twitter၊ YouTube စတဲ့ ပလက်ဖောင်းတွေကတစ်ဆင့် သတင်းမှားတွေ ဖြန့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် သူက ပြည်ပမီဒီယာတွေနဲ့ အင်တာဗျူးတွေလုပ်ခဲ့ပြီး ဝူဟန်မြို့မှာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားတဲ့အကြောင်း ထိခိုက်နစ်နာစေမယ့် သတင်းအချက်အလက်တွေ ဖြန့်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

ကျန်းကျန်ဟာ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအကြောင်း သတင်းရေးသားဖော်ပြမိလို့ ဒုက္ခရောက်ရတဲ့ ပထမဆုံး တရုတ်ဂျာနယ်လစ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ အနည်းဆုံး တရုတ်ဂျာနယ်လစ် ၃ ယောက် ပျောက်ဆုံးခဲ့ပြီး ဂျာနယ်လစ် ၂ ယောက် ပြန်ပေါ်လာပေမဲ့ ဖန်ဘင်းလို့ အမည်ရတဲ့ တတိယမြောက် ဂျာနယ်လစ်ကတော့ ဘယ်ရောက်နေမှန်း မသိရသေးပါဘူး။

ကျန်းကျန်ဟာ ဟောင်ကောင်မြို့က တက်ကြွလှုပ်ရှားသူတွေကို ထောက်ခံအားပေးကြောင်း ပြောခဲ့မိလို့ ၂၀၁၉ ခုနှစ် စက်တင်ဘာလတုန်းကလည်း ရှန်ဟိုင်းမြို့မှာ ထိန်းသိမ်းခံခဲ့ရပြီး စိတ်ကျန်းမာရေးစစ်ဆေးမှု လုပ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

Ref: BBC ” Coronavirus: Chinese citizen journalist faces jail for Wuhan reporting”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top