အချစ်ဆုံးသူငယ်ချင်းရဲ့သားဖြစ်သူအတွက် အသည်းလှူဒါန်းပေးခဲ့သူ

9-26-2022-yyl-32.jpg

အချစ်ဆုံးသူငယ်ချင်းရဲ့သားဖြစ်သူအတွက် အသည်းလှူဒါန်းပေးခဲ့တဲ့ ကေလိန်ချ် (Sweater အထပ်အဖြူလေးဝတ်ထားတဲ့ အရပ်​​မြင့်မြင့်နဲ့တစ်ယောက်)

ကလေးမိခင်တစ်ဦးဖြစ်တဲ့ လောရန် ဘက်ခ်ကတ်ဟာ သူ့သားအတွက် စိုးရိမ်ပူပန်ပြီး ငိုကြွေးဖို့ ပခုံးတစ်ဖက်လိုအပ်နေချိန်မှာ သူ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူက ဘေးမှာ အသင့်ရှိနေပေးခဲ့ပါတယ်။ လောရန်ရဲ့သားဖြစ်သူတွန်မီက ရှားပါးရောဂါတစ်မျိုးကို ခံစားခဲ့ရပြီး အသည်းအစားထိုးကုသမှုမလုပ်ရင် သေဆုံးရတော့မှာပါ။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ကေလိန်ချ် တေလာက တွန်မီအတွက် အသည်းလှူဒါန်းပေးပြီး သူ့အသက်ကို ကယ်တင်ခဲ့ပါတယ်။

တွန်မီကို ၂၀၂၁ ခုနှစ် အောက်တိုဘာမှာ မွေးဖွားခဲ့တာပါ။ ဒါပေမဲ့ မွေးဖွားပြီး ၁၂ နာရီအကြာမှာ ကလေးက အသားဝါပြီး အေးလာကာ သွေးတွင်းသကြားဓာတ်နည်းတာကို ဆရာဝန်တွေက သတိပြုမိခဲ့တာပါ။ အဲဒါကြောင့် မွေးကင်းစကလေးလေးတွန်မီကို အထူးကြပ်မတ်ကုသဆောင်ဆီ ရွှေ့ခဲ့ရပါတယ်။ တွန်မီ (၂) ပတ်အရွယ်လောက်မှာ အသည်းနဲ့ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းတွေမှာ သံဓာတ်ပမာဏများလာတဲ့ အခြေအနေကို ဖြစ်စေတဲ့ Neonatal Hemochromatosis ရောဂါရှိတာကို တွေ့ရှိခဲ့ရပါတယ်။ သူ့ကို အရေးပေါ်အသည်းအစားထိုးကုသမှုလိုအပ်တဲ့စာရင်းထဲ ထည့်ခဲ့ရပါတယ်။

လောရိန်ရဲ့သားဖြစ်သူ တွန်မီ ဆေးရုံတက်ခဲ့စဥ်

တွန်မီအတွက် အသည်းလှူဒါန်းပေးဖို့ လူ (၂၀၀) လောက်ရှိခဲ့ပေမဲ့ တစ်ယောက်နဲ့မှ မကိုက်ညီခဲ့ပါဘူး။ အဲဒီနောက်မှာ ကေလိန်ဂျ်က သူ့သူငယ်ချင်းဖြစ်သူရဲ့သားကို ကယ်တင်ပေးဖို့ လုပ်ခဲ့ပါတယ်။ ကေလိန်ဂျ်က အသည်းလှူဒါန်းဖို့ တွန်မီနဲ့ကိုက်ညီမှုရှိခဲ့ပါတယ်။ ကေလိန်ဂျ်နဲ့လောရန်တို့က အလုပ်မှာ သိခဲ့ကြပြီး သူငယ်ချင်းတွေဖြစ်ခဲ့ကြတာပါ။ ကေလိန်ချ်ကို သိလာခဲ့တဲ့ နှစ်တွေမှာ သူ့ကိုယ်သူအတွက် ဘယ်တော့မှ ဦးစားမပေးခဲ့ဘူးလို့ လောရန်ကို ပြောပါတယ်။

ကေလိန်ဂျ်မှာ အသားဝါစေနိုင်တဲ့ အပျော့စားအသည်းရောဂါအခြေအနေဖြစ်တဲ့ Gilbert’s Syndrome ‌ရောဂါရှိတဲ့အတွက် အစကတော့ လှူပေးဖို့ မသင့်လျော်တဲ့သူဖြစ်မှာကို စိုးရိမ်ခဲ့တာကြောင့် တုံ့ဆိုင်းမိခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ လောရန်နဲ့စကားပြောခဲ့ရတဲ့အချိန်မှာ လှူပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကေလိန်ဂျ်ကိုယ်တိုင်က ကလေး (၂) ယောက်မိခင်ပါ။ သူ့ခင်ပွန်းနဲ့ကလေးတွေကို သူကူညီပေးချင်ကြောင်း ပြောခဲ့ပါတယ်။ CT နဲ့ MRI ဖတ်တဲ့ ရလဒ်တွေက သူနဲ့ ကိုက်ညီမှုရှိနိုင်တယ်ဆိုတာ ပြခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို ရလဒ်အပြည့်အစုံစောင့်ဆိုင်းနေတဲ့စာရင်းထဲထည့်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာလမှာ တွန်မီရဲ့အခြေအနေက ဆိုးရွားလာခဲ့တဲ့အတွက် ကေလိန်ချ်က နောက်ဆုံးရလဒ်မထွက်ခင်မှာ အသည်းအစားထိုးပေးဖို့ သဘောတူခဲ့ပါတယ်။ အစားထိုးကုသမှုမလုပ်ခင် တစ်ပတ်လောက်မှာ တွန်မီက အရမ်းအားနည်းနေခဲ့တယ်။ အစားထိုးဖို့ ခံနိုင်ရည်မရှိမှာကို ဆရာဝန်တွေ စိုးရိမ်ခဲ့ရပါတယ်။

ခင်ပွန်းဖြစ်သူနဲ့အတူတွဲတွေ့ရတဲ့လောရိန် တွန်မီကို ချီထားတဲ့ ကေလိန်ချ်

ဒီဇင်လာ ၁၇ ရက်နေ့မှာ ကေလိန်ဂျ်နဲ့ တွန်မီတို့ King’s College Hospital မှာ ခွဲစိတ်ကုသမှုခံယူခဲ့ပါတယ်။ ခွဲခန်းထဲ ဝင်ဖို့ သွားတဲ့လမ်းမှာ လောရန်က ကေလိန်ဂျ်ရဲ့လက်ကို ကိုင်ထားပေးခဲ့ပြီး မျက်ရည်အများကြီးကျခဲ့ရပါတယ်။ ကေလိန်ဂျ်က လောရန်ကို ပြောရှာပါတယ်။ “ငါ့အတွက် မစိုးရိမ်ပါနဲ့။ တွန်မီအတွက်ပဲ စိတ်ပူပါ”တဲ့။ ခွဲစိတ်ကုသမှုက (၈) နာရီကြာမြင့်ခဲ့ပါတယ်။ ခွဲစိတ်ကုသမှုပြီးတဲ့နောက် (၅) ရက်အကြာမှာ ကေလိန်ဂျ်ဟာ ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။

တွန်မီကတော့ ခွန်အားတွေ ပြန်ပြည့်လာအောင် စောင့်ရင်း ၂၀၂၂ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ ဆေးရုံဆင်းခွင့်ရခဲ့ပါတယ်။ တွန်မီက အစားထိုးထားတဲ့ အသည်းကို သူ့ခန္ဓာကိုယ်က ဖယ်မထုတ်ပစ်ဖို့အတွက် သူ့ဘဝတစ်လျောက်လုံး immunosuppressant ဆေးတွေကို သောက်သုံးသွားရမှာပါ။

“ကေလိန်ဂျ်က သားလေးကို ကယ်တင်ခဲ့တယ်။ သူ့ကို ဘယ်တော့မှ ကျေးဇူးတင်လို့ ဆုံးမှာမဟုတ်ပါဘူး။ ကေလိန်နဲ့ တွန်မီကြားမှာ မယုံနိုင်လောက်စရာ ချိတ်ဆက်မှုရှိနေတယ်”လို့ လောရန်က ဆိုပါတယ်။

Ref: TheMirror “‘My best friend donated her liver to save my son’s life – they have a special bond'”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top