Covid-19 က ကုလို့ရတဲ့အတွက် အစောဆုံး အသိပေးစေလို၊ ဈေးတွေပိတ်ဖို့ အစီအစဉ်မရှိဘူးလို့ အတိုင်ပင်ခံပုဂ္ဂိုလ် ပြော

90528267_1789180877891297_666346523658813440_n.jpg

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နုတ်ချက် သတင်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေ အနေနဲ့စပ်လျဉ်းပြီး ပြည်သူလူထုသို့ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရဲ့ မတ် ၂၄ ရက်၊ ည ၆ နာရီအစီအစဉ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

COVID-19 ရောဂါဟာ ကုသလို့ရတဲ့ရောဂါဖြစ်တဲ့အတွက် ရောဂါလက္ခဏာပေါ်လာပြီလို့ ထင်စရာ ဖြစ်တာနဲ့ အနီးဆုံး ကျန်းမာရေးဌာနကို သွားရောက်အသိပေးစေလိုတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

”စောစောပြော၊ စောစောသိ၊ အားလုံးအကျိုးရှိဆိုတဲ့အတိုင်း ကျန်းမာရေးဌာနကို စောစောပြောသင့်တာ ပြောပါ။ ဒါဟာ ကိုယ့်လုံခြုံရေး၊ ကိုယ့်ပတ်ဝန်းကျင်ရဲ့လုံခြုံရေး နှစ်ရပ်စလုံးအတွက် ဖြစ်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသွားသူတွေဟာ ရောဂါအခံရှိသူတွေ၊ ကိုယ်ခံအား နည်းသူတွေ၊ ဆေးကုသခံယူမှုနောက်ကျသူတွေသာဖြစ်ပြီး ရောဂါရသူတွေထဲကနေ သေဆုံးတဲ့ရာခိုင်နှုန်းဟာ လည်း ၄.၄ ရာခိုင်နှုန်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် COVID-19 ရောဂါဟာ ကုသလို့ရတဲ့ရောဂါဆိုတာ ထင်ရှားတဲ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကလည်း ဒီရောဂါဟာ ထိန်းချုပ်လို့ရတဲ့ရောဂါလို့ အတိအလင်းပြောကြားထားပြီးဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အခုတွေ့ရှိခဲ့တဲ့ COVID-19 ရောဂါကူးစက်ခံရသူနှစ်ဦးစလုံးဟာလည်း ဆေးကုသမှုခံယူနေပြီး အခု အချိန်ထိ စိုးရိမ်စရာမရှိဘူးလို့ မိန့်ခွန်းထဲကနေ အသိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်းကို ပြန်ရောက်လာကြသူတွေအနေနဲ့လည်း စိုးရိမ်စိတ်ကြောင့် ပုန်းကွယ်ရှောင်တိမ်းတာတွေ မပြုလုပ်ကြဖို့ အရေးကြီးပြီး အစိုးရရဲ့ညွှန်ကြားချက်တွေကို လိုက်နာကြရမယ်လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ အများပြည်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဈေးတွေနဲ့ အရောင်းအဝယ်စင်တာတွေကို ပိတ်သိမ်းဖို့ အစီအစဉ်မရှိဘူးလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အသိပေးပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူ ၂ ဦးတွေ့ရှိတယ်လို့ သတင်းထွက်လာတာနဲ့တပြိုင်နက် စားနပ်ရိက္ခာတွေ၊ ဆေးတွေကို အလုအယက်ထွက်ဝယ်သူတွေ ရှိလာတဲ့အတွက် ပြည်သူတွေ မစိုးရိမ်ကြစေဖို့ အခုလို အသိပေးပြောကြားလိုက်တာပါ။

”ရိက္ခာပြတ်နိုင်တဲ့ အလားအလာ မရှိပါဘူး။ လူအုပ်ထဲသွားတိုးဝယ်လို့ ရောဂါကူးစက်မယ့်အလားအလာက ပိုပြီး များပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။

COVID-19 ရောဂါ မပြန့်ပွားစေဖို့အတွက် ဈေးဝယ်တဲ့အခါ မိသားစုလိုက်၊ အစုအဖွဲ့လိုက်မသွားဘဲ တစ်ဦး တစ်ယောက်တည်းက တာဝန်ယူပြီး မိသားစုအတွက် အမှန်တကယ်လိုအပ်တဲ့ ပမာဏကိုပဲ သွားရောက်ဝယ်ယူ ကြစေလိုတယ်လို့လည်း မေတ္တာရပ်ခံခဲ့ပါတယ်။

အခုလတ်တလောမှာ ထွက်ပေါ်နေတဲ့ လုပ်ငန်းတွေ၊ စက်ရုံတွေ၊ အလုပ်ရုံတွေ၊ ဈေးတွေ၊ စင်တာတွေကို ပိတ်မယ်၊ မြို့ရွာအဝင်အထွက်တွေကို ပိတ်မယ်ဆိုတာတွေကလည်း မဟုတ်မမှန်သတင်းတွေသာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုခဲ့ပါသေးတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top