ရန်ကုန်တက္ကသိုလ်က သစ်ပုပ်ပင်ကြီးကို မြို့ပြအမွေအနှစ် အပြာရောင်ကမ္ဗည်းပြားတပ်ဆင်

yyl69009.jpg

ရန်ကုန်တက္ကသိုလ်ရဲ့ သင်္ကေတတွေအများကြီးထဲကမှ အဓိကသင်္ကေတတစ်ခုလည်းဖြစ်၊ သက်တမ်းရင့် ရွက်ကြွေပင်ကြီးလည်းဖြစ်တဲ့ သစ်ပုပ်ပင်ကြီးကို စက်တင်ဘာ ၆ ရက်၊ နံနက် ၈ နာရီခွဲက မြို့ပြအမွေအနှစ် အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်လိုက်ပြီ ဖြစ်ပါတယ်။


ရန်ကုန်တက္ကသိုလ်ရဲ့ အထင်ကရတွေဖြစ်တဲ့ ဘွဲ့နှင်းသဘင်ခန်းမ၊ ဂျပ်ဆင်၊ အင်းလျားကန်၊ ကံ့ကော် တောနဲ့ နှစ် ၁၀၀ လောက်သက်တမ်းရှိတဲ့ အဆောက်အအုံတွေနဲ့ အဆောင်တွေကိုကျော်လွန်ပြီးတော့ သစ်ပုပ်ပင်ကြီးမှာ ပထမဆုံး တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။


”မြို့ပြအမွေအနှစ်တွေကို ကာကွယ်ထိန်းသိမ်းတဲ့နေရာမှာ အဆောက်အအုံတွေသာမက ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ သဘာဝအမွေအနှစ်တွေကလည်း အရေးကြီးပါတယ်”လို့ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(YHT) ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ အထင်ရှားဆုံးသစ်ပင်ကြီးအနက်က တစ်ခုအပါအဝင်ဖြစ်တဲ့ သစ်ပုပ်ပင်ကြီးရဲ့သက်တမ်းကို အတိအကျခန့်မှန်းနိုင်ဖို့ ခက်ခဲပေမယ့် ၁၉၂၀ မှာ အစပြုခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ထက် ပိုမိုသက်တမ်းရင့်တာကို မှတ်တမ်းများအရ သိရတဲ့အတွက် အပြာရောင်ကမ္ဗည်းပြားတပ်ဆင်လိုက်တာ ဖြစ်ပါတယ်။


အခုတပ်ဆင်လိုက်တဲ့ အပြာရောင်းကမ္ဗည်းပြားဟာ YHT ရဲ့ ၃၂ ခုမြောက် ကမ္ဗည်းပြားဖြစ်ပေမယ့် ယခင်ကလို အဆောက်အအုံတွေကို တပ်ဆင်တာမဟုတ်ဘဲ သဘာဝအမွေအနှစ်ကို ထိန်းသိမ်းတဲ့အနေနဲ့ သစ်ပင်မှာ တပ်ဆင်တာဖြစ်ပါတယ်။ ဒါဟာ သစ်ပင်မှာ တပ်ဆင်တဲ့ ပထမဆုံး အပြာရောင်ကမ္ဗည်းပြားလည်း ဖြစ်ပါတယ်။
”အရင်တုန်းက ဒီနေရာဟာ တိုးမပေါက်တဲ့ သစ်တောကြီးပါ။ အဲဒီကတည်းက ပေ ၁၀၀ ကျော်မြင့်တဲ့ အပင်ကြီးတွေ ရှိနေပါတယ်။ အခု တက္ကသိုလ်ကြီးဟာ နှစ် ၁၀၀ ပြည့်တော့မယ့်အတွက် ဒီသစ်ပုပ်ပင်ကြီးဟာ နှစ် ၁၀၀ ကျော်တာ သေချာပါတယ်”လို့ သစ်ပုပ်ပင်မှာ အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ဖို့ ကြိုးစားခဲ့သူလည်းဖြစ်၊ ပါမောက္ခချုပ်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဦးခင်မောင်ချိုက ပြောပါတယ်။


သစ်ပုဒ်ပင်ကြီးဟာ သူရဲ့သက်တမ်းတစ်လျှောက် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကို ကြိုဆိုခဲ့၊ ခွဲခွာနှုတ်ဆက်ခဲ့၊ ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုတွေကိုလည်း ကြုံဆုံခဲ့သလို တက္ကသိုလ်နောက်ခံ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ ပန်းချီ၊ ဇာတ်လမ်း၊ သီချင်းများမှာလည်း မှတ်တမ်းတင်ခံခဲ့ရတဲ့ သစ်ပင်ကြီး ဖြစ်ပါတယ်။
မြို့ပြအမွေအနှစ် အပြာရောင်ကမ္ဗည်းပြားတပ်ဆင်တဲ့လုပ်ငန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ ကူညီမှု၊ အလှူရှင်များရဲ့ ငွေကြေးထည့်ဝင်ကူညီမှုတို့နဲ့ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့က တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top