ဈေးဝယ်ထွက်တဲ့အခါ လက်အိတ် ဝတ်သင့်သလား

1-6-2020-yyl-026.jpg

ကမ္ဘာ့တစ်ဝှမ်းမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက အခုထိမပြီးသေးတဲ့အတွက် အပြင်ထွက်တဲ့အခါ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက် ပါးစပ်နဲ့နှာခေါင်းစီးကို မဖြစ်မနေဝတ်ဆင်ကြရပါတယ်။ လက်သန့်ရှင်းရေးကို အလေ့အကျင့်လုပ်ရသလို လူတစ်ယောက်နဲ့တစ်ယောက် (၆)ပေအကွာမှာနေတာကိုလည်း အလေ့အကျင့်လုပ်နေရပါတယ်။ ညစ်ပတ်တဲ့နေရာတွေကို ထိတွေ့ပြီးတာနဲ့ မိမိနဲ့ မိသားစုလုံခြုံရေးအတွက် လက်ကိုမဖြစ်မနေဆေးကြောရမှာဖြစ်ပါတယ်။ ဈေးဆိုင်၊ ဆေးဆိုင်တွေလို အများပြည်သူတွေလာတဲ့နေရာကို သွားတဲ့အခါ ဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ ရှောင်ရှားဖို့နောက်ထပ်ဘာတွေလုပ်လို့ရလဲဆိုတာကို တွေးမိကြမှာပါ။ တချို့လူတွေက ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဈေးလာဝယ်တဲ့အခါ လက်အိတ်ဝတ်ပြီး လာကြပါတယ်။ ဒီအချက်က ဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ ရှောင်ရှားဖို့ ထိရောက်မှုရှိရဲ့လားဆိုပြီးမေးခွန်းထုတ်ကြပါတယ်။ အဲဒီအတွက် အဖြေက ရိုးရိုးရှင်းရှင်းပါပဲ။ လက်အိတ်ဝတ်တာက အဲလောက်ထိရောက်မှုမရှိပါဘူး။

ပါးစပ်နဲ့ နှာခေါင်းစည်း၊ face shield ဝတ်ဆင်တာ၊ လက်ကို သန့်စင်တာတွေက အဆင်ပြေပေမယ့် လက်အိတ်ဝတ်တာကတော့ ရောဂါဖြစ်ပွားမှုကို လျော့ချနိုင်ခြေရှိတဲ့ဖြေရှင်းနည်းတော့မဟုတ်ပါဘူး။ CDC က ဂတ်ရှိတဲ့နေရာ၊ ပိုးသတ်သန့်စင်တဲ့နေရာ၊ ညစ်ပတ်နေတဲ့နေရာတွေကို မကိုင်ခင် လက်အိတ်ဝတ်ဖို့ ပြောထားပေမယ့် အဲဒီအခြေအနေမျိုးကိုတော့ ထောက်ခံပေးထားခြင်းမရှိပါဘူး။ ဒီလိုအခြေအနေမျိုးမှာတောင် လက်အိတ်တွေက ပန်းကန်ဆေးတဲ့အခါသာ ထိရောက်မှုရှိတာပါ။ ဒါပေမဲ့ ဈေးဝယ်ထွက်တဲ့အခါ လက်အိတ်တွေက အဲလောက်ထိရောက်မှုမရှိပါဘူးလို့ သိရပါတယ်။

ဘာလို့ထိရောက်မှုမရှိတာလဲ

သင်က လက်အိတ်ဝင်ပြီး ညစ်ပတ်တဲ့နေရာတွေကို ထိမိလိုက်တဲ့အခါ လက်အိတ်မှာ ဗိုင်းရပ်စ်တွေရောက်သွားနိုင်ပါတယ်။ အပြင်မှာ လက်အိတ်ကို အကြာကြီးဝတ်ထားတာမကောင်းပါဘူး။ လက်အိတ်မှာ ဗိုင်းရပ်စ်ရှိနေမယ်ဆိုရင် မျက်နှာနဲ့ပါးစပ်တို့ကို ထိမိလိုက်မယ်ဆိုရင် ကူးစက်နိုင်ခြေများပါတယ်။ ဒါကြောင့် လက်အိတ်က ကာကွယ်နိုင်စွမ်းမရှိပါဘူး။ လက်အိတ်ကို ဖယ်ရှားပစ်တဲ့အခါမျိုးမှာလည်း သတိထားသင့်ပါတယ်။ လက်အိတ်ဖယ်ရှားလိုက်တဲ့အခါ လက်အိတ်ကနေတဆင့် သင့်လက်နဲ့အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ ဗိုင်းရပ်စ်ရောက်သွားနိုင်ပါတယ်။ လက်အိတ်ကို ဖယ်ရှားတဲ့အခါ သေသေချာချာသန့်စင်သင့်ပြီး ဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့်(၂၀) ကြာ လက်ကို မသန့်စင်ခင်ထိ ဘယ်နေရာကိုမှ မထိမိအောင် သတိထားသင့်ပါတယ်။ လက်အိတ်နဲ့ အပြင်ထွက် ဈေးဝယ်တာကလည်း လက်ဗလာနဲ့ဈေးဝယ်သလိုပါပဲ။

ဘယ်လိုလုပ်သင့်လဲ

ဗိုင်းရပ်စ်က ရောဂါရှိသူနဲ့စကားပြောတဲ့အခါ၊ သင့်နားမှာ နှာချေတဲ့အခါ အဲဒီလူရဲ့အလွန်သေးငယ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာအရည်တွေကနေတဆင့်ကူးစက်ပါတယ်။ စတိုးဆိုင်က အစားအစာထုတ်ကုန်တွေကို ထိတွေ့တာက ရောဂါကူးစက်နိုင်မှာမဟုတ်ပါဘူး။ Social Distancing ကိုသာ အလေ့အကျင့်လုပ်ပါ။ ဝယ်ယူရမယ့်ပစ္စည်းစာရင်းကို ကြိုတင်ပြင်ဆင်ထားပါ။ ဒါမှ လိုအပ်တာတွေကို မြန်မြန်ဆန်ဆန်ဝယ်ပြီး ပြန်လို့ရမှာပါ။ သင့်ရဲ့လုံခြုံရေးအတွက် လက်သန့်ဆေးရည်နဲ့ လက်ကို သန့်စင်ပါ။ စတိုင်းဆိုင်ထဲက ဝင်တဲ့အခါ ဈေးဝယ်ခြင်းလက်ကိုင်တွေကို လက်သန့်ဆေးရည် (သို့) ပိုးသတ်ဆေးနဲ့ သုတ်ပေးပါ။ သင် ဝယ်ဖို့မရည်ရွယ်ထားတဲ့ပစ္စည်းတွေကို ထိခြင်းမှရှောင်ပါ။ အိမ်ပြန်ရောက်တဲ့အခါ လက်တွေကို စက္ကန့် (၂၀) ကြာအောင် သန့်စင်သင့်တဲ့အပြင် သင့်ဖုန်းကိုလည်း သန့်စင်ပေးသင့်ပါတယ်။

Ref: Coronavirus outbreak: Why you should avoid wearing gloves while shopping for grocery

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top