အာရုံစူးစိုက်မှု မပြုနိုင်ခြင်းအကြောင်း

6-8-2002-yyl-0137.jpg

လူတိုင်းလိုလို ကျောင်းမှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ အာရုံစူးစိုက်မှု လိုအပ်တဲ့ ကိစ္စရပ်တွေ နေ့စဉ် ကြုံဆုံရပါတယ်။ အာရုံစူးစိုက်မှု အားကောင်းရင် ရှင်းလင်းစွာ တွေးတောနိုင်ခြင်း၊ လုပ်ငန်းတာဝန်အပေါ် ပြတ်သားစွာ မြင်လွယ်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရှိပါတယ်။

အာရုံစူးစိုက်မှုကျဆင်းရင်တော့ မိမိရဲ့လုပ်ငန်းတွေမှာ လစ်ဟင်းလာပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတ်ဖို့တောင် ခက်ခဲလာပါလိမ့်မယ်။

အာရုံစူးစိုက်မှု အားမကောင်းခြင်းရဲ့ လက္ခဏာများ

အာရုံစူးစိုက်မှုအားမကောင်းရင် ကြုံတွေ့နိုင်တဲ့ လက္ခဏာများကတော့

– သိပ်မကြာသေးခင်က ဖြစ်ပျက်တာတွေကို မမှတ်မိနိုင်ခြင်း

– ငြိမ်ငြိမ်ထိုင်နေရန်ခက်ခဲခြင်း

– ရှင်းလင်းစွာ တွေးတောရန် ခက်ခဲခြင်း

– ပစ္စည်းများ မကြာခဏပျောက်ခြင်း၊ မည်သည့်နေရာတွင် ထားသိုသည်ကို မမှတ်မိခြင်း

– ဆုံးဖြတ်ချက်တစ်ခုကိုချရန် ခက်ခဲခြင်း

– ခက်ခဲသည့်လုပ်ငန်းတာဝန်များ မဆောင်ရွက်နိုင်ခြင်း

– ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်နည်းပါးနေခြင်း

– အာရုံများခြင်း၊ အာရုံထွေပြားခြင်း

– အလျင်စလိုပြုမူပြီး အမှားများခြင်း စတာတွေ ဖြစ်ပါတယ်။
အာရုံစူးစိုက်မှုအားနည်းရခြင်းရဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ

အာရုံစုစည်းနိုင်ခြင်းကို ထိခိုက်စေတဲ့ အကြောင်းအရာများကတော့

– အရက်အလွန်အကျွံသောက်ခြင်း

– အာရုံစိုက်နည်းပြီး တက်ကြွလွန်သော ရောဂါ (ADHD) ဖြစ်ခြင်း

– ကာလကြာရှည် ပင်ပန်းနွမ်းနယ်ခြင်း

– ကူးရှင်းရောဂါလက္ခဏာစုဖြစ်ခြင်း

– သတိမေ့ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း

– အတက်ရောဂါဖြစ်ခြင်း

– အိပ်မပျော်ခြင်း

– အကြီးအကျယ်စိတ်ဓာတ်ကျဆင်းခြင်း

– စိတ်ကျန်းမာရေးဝေဒနာတမျိုးမျိုး ခံစားရခြင်း (ဥပမာ စိတ်ကစဉ့်ကလျားရောဂါ)

– စိတ်ဖိစီးခြင်း

– ဆာလောင်ခြင်း

– စိတ်ပူပန်ခြင်း စတာတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ဆေးဝါးအချို့သောက်သုံးရချိန်မှာလည်း အာရုံမစိုက်နိုင်တာမျိုး ကြုံရတတ်ပါတယ်။ ဆေးဝါးအချို့ကို စတင်သောက်သုံးတော့မယ်ဆိုရင် အညွှန်းစာသေချာဖတ်ပါ။ ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ကုသမှုခံယူသင့်သလဲ

များသောအားဖြင့် အာရုံစူးစိုက်မှုအားနည်းရခြင်းဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာ မဟုတ်တတ်ပါဘူး။ ဒါပေမယ့် အာရုံစူးစိုက်မှု မပြုနိုင်တဲ့အပြင် အောက်ပါရောဂါလက္ခဏာတွေကိုပါ ကြုံလာရတယ်ဆိုရင် အရေးပေါ် ဆေးဝါးကုသမှု ခံယူသင့်ပါတယ်။

– သတိလစ်ခြင်း

– ကိုယ်ခန္ဓာတခြမ်းတွင် ထုံခြင်း/ကျင်ခြင်း

– ရင်ဘတ် ပြင်းထန်စွာ အောင့်ခြင်း

– ခေါင်းအလွန်ကိုက်ခြင်း

– မှတ်ဉာဏ်များ ရုတ်တရက်ချို့ယွင်းကုန်ခြင်း

– မိမိ ဘယ်နေရာ ရောက်နေသည်ကို မသိခြင်း စတာတွေ ဖြစ်ပါတယ်။

အာရုံစူးစိုက်မှုကောင်းအောင် ဘယ်လိုနေသင့်သလဲ

သင့်ရဲ့နေထိုင်မှုပုံစံဟာ သင့်ရဲ့အာရုံစူးစိုက်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိပါတယ်။ အာရုံစူးစိုက်မှုအား ကောင်းစေဖို့

– အာဟာရမျှတစွာ စားသုံးခြင်း (အစေ့အဆန်များ၊ အသီးအနှံများ၊ ပရိုတင်းဓာတ် စသဖြင့်)

– တကြိမ်တည်း တနင့်တပိုးမစားဘဲ အကြိမ်ရေများများခွဲပြီး စားသုံးခြင်း

– အိပ်ရေးဝအောင်အိပ်ခြင်း

– ကဖင်း လျှော့ချခြင်း

– စိတ်ဖိစီးမှုကို လျှော့ချခြင်း (တရားထိုင်ခြင်း၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း) စတဲ့ နည်းလမ်းတွေနဲ့ နေထိုင်သင့်ပါတယ်။

အာရုံစူးစိုက်မှုအားနည်းခြင်းဆိုတာ ကိုယ်/စိတ်ပင်ပန်းချိန်မှာ ကြုံတွေ့နိုင်တဲ့ အခြေအနေတခုဖြစ်ပါတယ်။ ဒါပေမယ့် တခြား ရောဂါလက္ခဏာတွေနဲ့ တွဲပြီး ကြုံတွေ့ရရင် အရေးပေါ် ကျန်းမာရေးအခြေအနေ ဖြစ်သွားနိုင်တာမို့ သတိပြုသင့်ပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top