ရုပ်သိမ်းလိုက်ရတဲ့မင်္ဂလာပွဲကနေရရှိတဲ့စရန်ငွေနဲ့ လူ (၂၀၀) ကျော်ကို ကျွေးမွေးခဲ့တဲ့ စုံတွဲ

1-12-2020-yyl-007.jpg

အီလီနွိုင်းပြည်နယ်က စုံတွဲတစ်တွဲကတော့ ကပ်ရောဂါကြောင့် မင်္ဂလာဆောင်မယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ ပွဲအစအဆုံးဧည့်ခံကျွေးမွေးဖို့အတွက် စရန်ငွေတောင် ပေးထားပြီးသားပါ။ အဲဒီစုံတွဲက မင်္ဂလာပွဲအစီအစဉ်ကို ဖျက်သိမ်းလိုက်ရတာကြောင့် အဲဒီစရန်ငွေတွေကို လိုအပ်နေတဲ့သူတွေအတွက် အစားအစာကျွေးမွေးနိုင်ဖို့ ကျေးဇူးတော်နေ့က လှူဒါန်းခဲ့ပါတယ်။
အက်မလီ ဘတ်ဂျ် (၃၃နှစ်) နဲ့ ဘီလီ လူဝစ်စ် (၃၄နှစ်) တို့ဟာ လူ (၂၀၀) ကျော်ကို အစားအစာကျွေးမွေးနိုင်ဖို့ သူတို့ရဲ့ စရန်ငွေ ဒေါ်လာ ၅၀၀၀ ကို အသုံးပြုခဲ့ပါတယ်။

ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ခံစားနေရတဲ့သူတွေကို ကူညီပေးနေတဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထောက်ပံ့မှုပေးတဲ့ အဖွဲ့အစည်း Threholds က စိတ်ကျန်းမာရေးခံစားနေရတဲ့လူတွေကို ကျွေးမွေးဖို့အတွက် ဒီစရန်ငွေတွေ လှူဒါန်းခဲ့တာပါ။ “မင်္ဂလာပွဲကြီးတစ်ခုကို ဖျက်သိမ်းလိုက်ရတာက အဆိုးရွားဆုံးအရာတော့မဟုတ်ပါဘူး။ ကျွန်မတို့ ဒီအတိုင်းလက်ထပ်ရတဲ့အတွက် ပျော်ရွှင်ရပါတယ်။ မင်္ဂလာပွဲဖျက်သိမ်းလိုက်ရတဲ့ ရလဒ်အနေနဲ့ လူတွေကို ကူညီပေးနိုင်တဲ့အတွက် အရမ်းပျော်ရပါတယ်”လို့ အက်မလီက ဆိုပါတယ်။

အက်မလီနဲ့လူဝစ်စ်တို့က ၂၀၁၇ခုနှစ်မှာ Bumble ဆိုတဲ့ Dating App ကနေ တွေ့ဆုံခဲ့ကြပြီး အခုနှစ် အောက်တိုဘာ ၁ ရက်နေ့က ကပ်ရောဂါကြောင့် မူလစီစဉ်ထားတဲ့ မင်္ဂလာပွဲအခမ်းအနားကြီးကို ဖျက်သိမ်းပြီး City Hall မှာပဲ မင်္ဂလာဆောင်ခဲ့ကြပါတယ်။ COVID-19 က မူလစီစဉ်ထားတဲ့ သူတို့ရဲ့မင်္ဂလာပွဲအခမ်းအနားကို အနှောင့်အယှက်ပေးခဲ့တဲ့အတွက် အက်မလီနဲ့ လူဝစ်စ်တို့က Thresholdsရဲ့လူတွေကို ကျေးဇူးတော်နေ့ညစာကျွေးမွေးဖို့အတွက် အစားအစာစီစဉ်ပေးတဲ့ Big Delicious Planet နဲ့ပူးပေါင်းလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ညစာကတော့ ကျေးဇူးတော်နေ့ရဲ့အဓိကအစားအစာဖြစ်တဲ့ ကြက်ဆင်သား၊ ဟင်းသီးဟင်းရွက်နဲ့ အာလူးတို့ဖြစ်ပါတယ်။

Thresholds အဖွဲ့အစည်းရဲ့နှစ်စဉ် ကျေးဇူးတော်နေ့ညစာစားပွဲက COVID-19 တင်းကျပ်မှုတွေကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။ ဒါပေမဲ့ အက်မလီတို့စုံတွဲရဲ့လှူဒါန်းမှုက ကျေးဇူးတော်နေ့ညစာစားပွဲကို ပြန်အသက်ဝင်လာစေခဲ့ပါတယ်။ “အက်မလီရဲ့လှူဒါန်းမှုက ရက်ရောတတ်မှုရဲ့သာဓကပါပဲ။ အက်မလီရဲ့အကြင်နာတရားက အခုလိုအခက်ခဲနေတဲ့အချိန်မှာ ချစ်ခြင်းမေတ္တာတွေတည်ဆောင်ဖို့နဲ့ အလားတူလှူဒါန်းမှုတွေလုပ်ဖို့ အခြားသူတွေကို အားပေးအားမြောက်ဖြစ်စေမှာပါ” လို့ Thresholds ရဲ့စီအီးအိုက ပြောပါတယ်။

အက်မလီက Thresholds ရဲ့ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့အတွက် စိတ်ကျန်းမာရေးခံစားနေရတဲ့သူတွေအတွက် တာဝန်ထမ်းဆောင်ပေးနေတဲ့ အက်မလီလို ဝန်ထမ်းတွေကို အရမ်းကျေးဇူးတင်တယ်လို့လည်း စီအီးအိုက ပြောပါတယ်။ Thresholds ဝန်ထမ်းတွေက အက်မလီလှူဒါန်းတဲ့အစားအစာတွေကို အစားအစာစီစဉ်ပေးတဲ့သူတွေနဲ့အတူ ဗူးတွေနဲ့ ထုပ်ပိုးပြီးတဲ့နောက်မှာတော့ ကျေးဇူးတော်နေ့မတိုင်ခင် အစားအစာတွေကို ပို့ဆောင်ပေးခဲ့ပါတယ်။

Ref: GMA “Couple uses catering deposit from canceled wedding to feed 200 people on Thanksgiving'”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top