လူတွေ Mask တပ်မယ်ဆိုရင် (၁-၂) လမှာ COVID-19 ကို ထိန်းချုပ်နိုင်မှာပါလို့ CDC ဒါရိုက်တာပြော

15-7-2020-yyl-016.jpg

ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ (the Centers for Disease Control and Prevention) ရဲ့ဒါရိုက်တာ ရောဘတ် ရက်တ်ဖီးတ်က ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်ဖို့အတွက် ကျွန်တော်တို့မှာရှိတဲ့ အင်အားအကြီးဆုံးလက်နက်က Mask ဝတ်တာ၊ လက်ဆေးတာနဲ့ ခပ်ခွာခွာနေတာတွေဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။ “ကျွန်တော်တို့ အဲဒါတွေအားလုံးကို လုပ်ခဲ့မယ်ဆိုရင် ဒီကပ်ရောဂါကို ကျွန်တော်တို့ တကယ်ကို ထိန်းချုပ်နိုင်မှာပါ”လို့ ရောဘတ်က ဗီဒီယိုကနေဆင့် Journal of the American Medical Association ကို အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်က အမေရိကန်တစ်ဝှမ်းမှာ တစ်ဟုန်ထိုးတိုးလာနေပါတယ်။ အမေရိကန်နိုင်ငံမှာ လူ (၃.၄) သန်းကျော်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး လူ (၁၃၆၀၀) ကျော် သေဆုံးခဲ့ရပါတယ်။ CDCရဲ့ဒါရိုက်တာ ရောဘတ်အတွက်ကတော့ ကပ်ရောဂါကို ထိန်းချုပ်နိုင်မယ့် အဓိကသော့ချက်က Mask ဝတ်တာပါပဲ။ “အခု အမေရိကန်ပြည်သူတွေအားလုံး Mask ဝတ်မယ်၊ ကျွန်တော်တို့ ဒါကို တကယ်လုပ်မယ်လို့ ကျွန်တော် တကယ်ယုံကြည်ပါတယ်။ လူတိုင်းက အခုချက်ချင်း Mask ဝတ်မယ်ဆိုရင် နောက် (၄) ပတ် (၅) ပတ် (၈) ပတ်ကျော်လောက်ဆို ကပ်ရောဂါကို ထိန်းချုပ်နိုင်သွားမယ်လို့ ထင်တယ်”လို့ ရောဘတ်က ပြောပါတယ်။

Mask ဝတ်ဆင်တာက နိုင်ငံရေးပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ ပြည်သူအားလုံးရဲ့ကျန်းမာရေးပြဿနာအတွက် လူတိုင်းက ကိုယ့်အသိစိတ်နဲ့ လုပ်ရမယ့် အရာပါလို့ ရောဘတ်က ပြောပါတယ်။ “အခုအပတ်မှာ သမ္မတနဲ့ဒုသမ္မတတို့ Mask ဝတ်ထားတာမြင်ရတော့ ကျွန်တော်ဝမ်းသာပါတယ်။ ပြည်သူတွေအတွက် စံပြဖို့အတွက် သူတို့ကိုလိုအပ်ပါတယ်”လို့ ရောဘတ်က ပြောပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က Walter Reed Medical Center ကို အလည်လာတဲ့အချိန်မှာ ပထမဆုံးအကြိမ်အဖြစ် Mask ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

ရောဘတ် ဖီးတ်က တုပ်ကွေးရာသီ စတင်တော့မယ့်အချိန် ဆောင်းရာသီအတွက် စိုးရိမ်မိတယ်လို့ ပြောပါတယ်။ “COVID-19 ရောဂါနဲ့ တုပ်ကွေးရောဂါ ဖြစ်ပွားနေတဲ့အတွက် ၂၀၂၀ပြည့်နှစ် ဆောင်းရာသီနဲ့ ၂၀၂၁ ခုနှစ်တို့က သေချာပေါက် အခက်အခဲဆုံးအချိန်တွေဖြစ်တော့မှာပါ”လို့ ဆိုပါတယ်။ “တစ်ချိန်တည်းမှာပဲ ဒီအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ရဲ့ကျန်းမာရေးစနစ်ကို အလေးထားဖို့လိုလာပြီ”လို့ ရောဘတ်က တုပ်ကွေးကာကွယ်ဆေးရဲ့အရေးကြီးမှုကို အလေးပေးပြောကြားသွားခဲ့ပါတယ်။

Ref: ABCNews “COVID-19 could be controlled in 1-2 months if people wear masks: CDC Director Robert Redfield”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top