ကိုဗစ်-၁၉ ဇစ်မြစ်ကို စုံစမ်းစစ်ဆေးဖို့ WHO ရဲ့ နိုင်ငံတကာသိပ္ပံပညာရှင်အဖွဲ့က ဝူဟန်မြို့ကို သွားမယ်

17-12-2020-yyl17.jpg

ကိုဗစ်-၁၉ ရောဂါရဲ့ ဇစ်မြစ်ကို စုံစမ်းစစ်ဆေးဖို့ လာမယ့်ဇန်နဝါရီလမှာ နိုင်ငံတကာသိပ္ပံပညာရှင် ၁၀ ယောက် ပါဝင်တဲ့အဖွဲ့က တရုတ်နိုင်ငံ ဝူဟန်မြို့ကို သွားမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ပြောပါတယ်။

အစောပိုင်းမှာ တရုတ်အစိုးရက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု လုပ်ခွင့်ပေးဖို့ တွန့်ဆုတ်နေခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဝူဟန်မြို့ထံ လာရောက်ခွင့်ပေးဖို့ လနဲ့ချီ အချိန်ယူဆွေးနွေးခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးက ဝူဟန်မြို့ ပင်လယ်စာဈေးကနေ စတင်ခဲ့ဖွယ်ရှိတယ်လို့ ယူဆထားပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုး၏ ဇစ်မြစ်နဲ့ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်နိုင်ငံကြား တင်းမာမှု ဖြစ်ပွားခဲ့ပါတယ်။

တရုတ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါ စတင်ပြန့်ပွားချိန်မှာ ဖုံးကွယ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးရဲ့ ဇစ်မြစ်ကို ရှာဖွေမှုဟာ အပြစ်တင်ဖို့ ကြိုးပမ်းတာမဟုတ်ဘဲ အနာဂတ်မှာ ရောဂါကူးစက်ပြန့်ပွားမှုတွေ မဖြစ်အောင် တားဆီးကာကွယ်ဖို့ ဖြစ်တယ်လို့ ဝူဟန်မြို့ကို သွားရောက်မယ့် သိပ္ပံပညာရှင်အဖွဲ့ရဲ့ ဇီဝဗေဒပညာရှင်တစ်ယောက်က ပြောပါတယ်။ အဲဒီစုံစမ်းစစ်ဆေးမှုဟာ ရက်သတ္တပတ် ၄ ပတ်၊ ၅ ပတ်ကြာမြင့်ဖွယ်ရှိပါတယ်။

ပြီးခဲ့တဲ့ဧပြီလမှာတော့ ကိုဗစ်-၁၉ ရောဂါပိုးက ဝူဟန်မြို့ ဓာတ်ခွဲခန်းကနေ ထွက်လာတာဖြစ်တယ်ဆိုတဲ့ သံသယရှိမှုတွေ၊ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဟာ တိရစ္ဆာန်တွေနဲ့ ထိတွေ့မိရာကနေ စတင်ပြန့်ပွားခဲ့တာလား ဒါမှမဟုတ် ဓာတ်ခွဲခန်းမတော်တဆမှုကြောင့် ဖြစ်တာလားဆိုတာကို အရာရှိတွေက စုံစမ်းစစ်ဆေးနေတယ်လို့ အဲဒီအချိန်တုန်းက အမေရိကန်နိုင်င့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူးရုံးက ပြောပါတယ်။

မကြာသေးခင် တရုတ်မီဒီယာတစ်ခု ဖော်ပြခဲ့တဲ့ သတင်းမှာတော့ ကိုဗစ်-၁၉ ရောဂါဟာ တရုတ်နိုင်ငံပြင်ပကနေ စတင်ခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ဒါပေမဲ့ အဲဒီသတင်းတွေက အခြေအမြစ်မရှိဘူး၊ ကပ်ရောဂါကြောင့် ကမ္ဘာ့အလယ်မှာ တရုတ်နိုင်ငံ၏ ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းမှာကို တရုတ်အစိုးရခေါင်းဆောင်တွေ စိုးရိမ်ပူပန်နေတယ်ဆိုတာ ထင်ဟပ်နေတယ်လို့ သုတေသီတွေက ပြောပါတယ်။

Ref: BBC ” Covid: WHO to investigate virus origins in China’s Wuhan”
Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top