COVID-19 လူနာ ၁၀ ဦးအနက် ၂ ဦးက စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ဆို

27-3-2020-yyl-015.jpg

ဝေဘာဂီအထူးကုဆေးရုံကြီးရဲ့ အထူးကြပ်မတ်ခန်းမှာ သီးခြားထားရှိကုသပေးနေရတဲ့ COVID-19 အတည်ပြုလူနာနှစ်ဦးက စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဝေဘာဂီအထူးကုဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ရိုးရာလေးကို ပြောပါတယ်။

မင်္ဂလာတောင်ညွှန်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၆၉ နှစ်အရွယ် အတည်ပြုလူနာ အမျိုးသားတစ်ဦးနဲ့ ဗဟန်းမြို့နယ်မှာ နေထိုင်သူ အသက် ၆၀ နှစ်အရွယ် အတည်ပြုလူနာ ဧည့်လမ်းညွှန်အမျိုးသမီးတစ်ဦးတို့ဟာ စိုးရိမ်ရတဲ့အခြေအနေရှိနေတာပါ။ ”စိုးတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်။ စိုးရိမ်ရတယ်ဆိုတာက သူတို့က သူတို့ရောဂါနဲ့သူတို့လေ။ အမျိုးသမီးကြီးကလည်း နဂိုကတည်းက ဆီးချိုရောဂါအခံ ရှိနေတယ်” လို့ ၎င်းက ပြောပါတယ်။

အခုလိုစိုးရိမ်ရတဲ့လူနာအမျိုးသားဟာ နှာခေါင်းကင်ဆာရောဂါကို သြစတြေးလျနိုင်ငံမှာ တစ်လခန့်ကြာ အောင် သွားရောက်ဆေးကုသခဲ့ရသူပါ။ အမျိုးသမီးဟာလည်း ဆီးချိုရောဂါအခံရှိနေတယ်လို့ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

အခုလက်ရှိမှာတော့ သူတို့နှစ်ဦးစလုံးကို ဝေဘာဂီအထူးကုဆေးရုံကြီးရဲ့ အထူးကြပ်မတ်ခန်းမှာ သီးခြား ထားရှိ ကုသပေးနေပါတယ်။ ကျန်တဲ့အတည်ပြုလူနာ ၈ ဦးကတော့ ကျန်းမာရေးအခြေအနေ တည်ငြိမ်လျက်ရှိ တယ်လို့ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ရဲ့ ဓာတ်ခွဲအဖြေတွေအရ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၀ ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

Photo- Youtube

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top