ဝူဟန်မြို့ ပင်လယ်စာဈေးရဲ့ COVID-19 ပထမဆုံး ကူးစက်ခံရသူ

27-3-2020-yyl-012.jpg

ကိုရိုနာဗိုင်းရပ်စ်ကို စတင်ထိတွေ့မိခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ဝူဟန်ဈေးက ပထမဆုံးသောသူက ပုဇွန်အရှင်တွေကို ရောင်းချတဲ့ အမျိုးသမီးဖြစ်တယ်လို့ ထွက်ရှိလာတဲ့သတင်းတွေအရ သိရပါတယ်။

အဲဒီအမျိုးသမီးက (၅၇) နှစ်အရွယ် ဝေကွေ့ရှန်ဆိုသူဖြစ်တယ်လို့ The Wall Street Journal က ဖော်ပြထားပါတယ်။ သူဟာ ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စတင်ဖျားနာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူ့ရဲ့ဖျားနာမှုက အရင်တုန်းကနဲ့မတူခဲ့ပါဘူး။ “ကျွန်မ ပင်ပန်းသလို ခံစားခဲ့ရတယ်။ ဒါပေမဲ့ အရင်တုန်းကလိုမျိုး ပင်ပန်းတာမျိုးမဟုတ်ပါဘူး။ ဆောင်းရာသီဆို ကျွန်မ အမြဲတမ်း အအေးမိတတ်တဲ့အတွက် အအေးမိတယ်လို့ပဲ ထင်ခဲ့တာပါ”လို့ သူ ပထမဆုံးခံစားခဲ့ရတဲ့ ရောဂါလက္ခဏာရပ်တွေကို တရုတ်သတင်းဌာန The Paper ကို ပြောပြခဲ့ပါတယ်။

သူက အအေးမိတယ်လို့ ထင်ခဲ့တဲ့အတွက် ဆေးကုသမှုခံယူဖို့ သူ နေထိုင်ရာနေရာမှာ ရှိတဲ့ ဆေးခန်းကို သွားရောက်ခဲ့ပြီး အရင်လိုပဲ အလုပ်ဆက်လုပ်နေခဲ့ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဆေးခန်းကို ထပ်သွားခဲ့ပြီး ဆေးထိုးခဲ့ပါတယ်။ ဒါပေမဲ့ ဝေဟာ ဆက်ဖျားနေခဲ့ပါတယ်။ ဒါကြောင့် ဝူဟန်မြို့က The Eleventh Hospital ကို သွားရောက်ခဲ့ပြီး ရောဂါအဖြေရှာခဲ့ပါတယ်။ “The Eleventh Hospital က ဆရာဝန်က ကျွန်မ ဘာဖြစ်နေဲဆိုတာကို အဖြေရှာမရတဲ့အတွက် သောက်ဆေးပေးခဲ့ပါတယ်” လို့ ဝေကွေ့ရှန်က ပြောပါတယ်။ သူ နောက်ထပ်ဆေးထိုးဖို့အတွက် ဆေးခန်းကို သွားရပြန်ပါတယ်။ “ကျွန်မ ပိုပြီးဆိုးရွားလာခဲ့ပြီး နေထိုင်လို့မကောင်းခဲ့ပါဘူူး။ ကျွန်မ အားအင်တွေ ကုန်ခန်းခဲ့တယ်” လို့ ဝေက ဆိုပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ဝူဟန်မြို့ရဲ့ အကြီးဆုံးဆေးရုံတွေထဲက တစ်ခုဖြစ်တဲ့ Wuhan Union Hospitalကို ဆေးစစ်ဖို့ သွားခဲ့ပါတယ်။ အဲဒီမှာ သူ့ရဲ့ဖျားနာမှုကို ဆရာဝန်က ဆိုးရွားတယ်လို့ ဆိုပါတယ်။ ဟွာနန်က အခြားလူတော်တော်များများလည်း ဒီလိုလက္ခဏာမျိုးခံစားခဲ့ရတယ်လို့ ဆရာဝန်က သူ့ကို ပြောခဲ့ပါတယ်။ ဒီဇင်ဘာ လလယ်လောက်မှာ ဝေဟာ သတိမေ့မြောသွားခဲ့ပြီး ဆေးရုံတတ်ခဲ့ရပါတယ်။ အဲဒီနောက်မှာ သူဟာ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးကူးစက်ခံရသူတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီဇင်ဘာလကုန်မှာ သူ့ကို စောင့်ကြည့်ကုသပေးခဲ့ပါတယ်။ ဆရာဝန်တွေက အသက်ရှုလမ်းကြောင်းဆိုင်ရာဖျားနာမှုနဲ့ ပင်လယ်စာဈေးတို့ကြားက ဆက်စပ်မှုကို သိရှိလာခဲ့ပါတယ်။

ဝေကွေ့ရှန်က ဇန်နဝါရီလအစောပိုင်းမှာ ဆေးရုံကဆင်းခွင့်ရပြီး ပြန်လည်ကျန်းမာလာခဲ့ပါတယ်။ သူ့နဲ့ထိတွေ့ခဲ့တဲ့ အသားငါးရောင်းတဲ့သူတွေလည်း COVID 19 ကူးစက်ခံခဲ့ရပါတယ်။ ဈေးမှာ သန့်စင်ခန်းကို အခြားသူတွေနဲ့ မျှဝေသုံးစွဲခဲ့လို့ ရောဂါကူးစက်ခံခဲ့ရတာဖြစ်နိုင်တယ်လို့ ယုံကြည်ထားကြောင်း The Paper မီဒီယာကို သူက ပြောပါတယ်။ သူ့ရဲ့သမီးတွေ၊ တူမတွေအပါအဝင် မိသားစုဝင်တွေလည်း ကူးစက်ခံခဲ့ရပါတယ်။ တရုတ်အစိုးရက ဇန်နဝါရီလအစောပိုင်းထိ ဗိုင်းရပ်စ်ဖြစ်ပွားမှုကို အတိအလင်း ကြေညာခဲ့ခြင်းမရှိပါဘူး။ ဝေက သူတို့သာ စောစောအသိပေးခဲ့မယ်ဆိုရင် လူအနည်းငယ်သာ သေဆုံးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ၃၁ ရက်န့က Wuhan Municipal Health Commissionရဲ့ ထုတ်ပြန်ချက်အရ ဝေကွေ့ရှန်က COVID 19 ကူးစက်ခံခဲ့ရတဲ့ ပထမဆုံးလူနာ (၂၇)ဦးထဲက တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ သူက Huanan Market နဲ့ တိုက်ရိုက်ဆက်စပ်မှုရှိတဲ့ (၂၄) ဦးထဲက တစ်ဦးလည်းဖြစ်ပါတယ်။ ဝေကွေ့ရှန်ကို Huanan Market က ပထမဆုံးဗိုင်းရပ်စ်ကူးစက်ခံရသူအဖြစ် သတ်မှတ်ထားပေမဲ့လည်း ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ဝူဟန်က ပထမဆုံးလူကတော့ ပဟေဠိဆန်နေတုန်းပါပဲ။ ပထမဆုံးကူးစက်ခံရသူကို ရှာတွေ့တာက သုတေသနပညာရှင်တွေကို ကြီးကြီးမားမားအကူအညီဖြစ်မယ်လို့ ယုံကြည်ရပါတယ်။ တရုတ်အစိုးရကတော့ ၂၀၁၉ခုနှစ်မှာ ကူးစက်ခံရသူ (၂၆၆) ဦးကို ပထမဆုံးအဖြစ် သတ်မှတ်ထားကြောင်း South China Morning Post အရ သိရပါတယ်။

Ref: Covid-19: Chinese woman, 57, identified as ‘Patient zero’ from Wuhan seafood market

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top