Pfizer ကာကွယ်ဆေးက ၆၅ နှစ်အထက် ရှိသူတွေကို ၉၄ % ကာကွယ်ပေးနိုင်စွမ်းရှိ

19-11-2020-yyl-019.jpg

Pfizer နဲ့ BioNTech ကုမ္ပဏီတွေ ပူးပေါင်းဖော်စပ်ခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးက အသက် ၆၅ နှစ်အထက် ရှိသူတွေကို ၉၄ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး အသက်အရွယ်မရွေး၊ မျိုးနွယ်စုမရွေး အာနိသင်ထက်မြက်တယ်ဆိုတဲ့ အချက်အလက်တွေ ထပ်မံထွက်ပေါ်လာပါတယ်။ သူတို့ရဲ့ကာကွယ်ဆေးကို အမေရိကန်နိုင်ငံမှာ အရေးပေါ်အသုံးပြုခွင့်ပေးဖို့ လျှောက်ထားမယ်လို့ Pfizer နဲ့ BioNTech က ပြောပါတယ်။

ကမ္ဘာတစ်ဝန်းက လူ ၄၁၀၀၀ ကျော်ကို ကာကွယ်ဆေး ၂ ကြိမ် စမ်းသပ်ထိုးနှံခဲ့တဲ့ ရလဒ်တွေကို အခြေခံပြီး အခုလို အချက်အလက်တွေ ထုတ်ပြန်ခဲ့တာပါ။ ပြီးခဲ့တဲ့တစ်ပတ်က ထုတ်ပြန်ခဲ့တဲ့ ကနဦးအချက်အလက်တွေအရ Pfizer ကာကွယ်ဆေးက ကိုဗစ်-၁၉ ရောဂါကို ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့တာပါ။

Pfizer နဲ့ BioNTech ကုမ္ပဏီတွေရဲ့ ဒီနေ့ ( နိုဝင်ဘာလ ၁၈ ရက်) ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ကိုဗစ်-၁၉ ရောဂါပိုးရှိတဲ့ စေတနာ့ဝန်ထမ်း ၁၇၀ ကို စမ်းသပ်ထိုးနှံရာမှာ ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ စေတနာ့ဝန်ထမ်းတွေထဲမှာ ၈ ယောက်ကိုပဲ ကာကွယ်ဆေးထိုးပေးရာမှာ သူတို့အားလုံးကို ကောင်းကောင်းကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။ ကျန်တဲ့သူတွေကိုတော့ အာနိသင်မဲ့ကာကွယ်ဆေးထိုးပြီး စမ်းသပ်ခဲ့တာပါ။

ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်ခြေအများဆုံးဖြစ်ပြီး ကိုယ်ခံအားနည်းတဲ့ သက်ကြီးရွယ်အိုတွေမှာလည်း Pfizer ကာကွယ်ဆေးက လူငယ်တွေအတိုင်း အာနိသင်ထက်မြက်တာ တွေ့ရှိခဲ့ပါတယ်။ စမ်းသပ်ထိုးနှံမှုရလဒ် အပြည့်အဝ ထုတ်ပြန်ခြင်းမရှိသေးပေမဲ့ ဘေးအန္တရာယ်ကင်းရှင်းတယ်လို့ Pfizer နဲ့ BioNTech ကုမ္ပဏီတွေက ပြောပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးနှံခဲ့တဲ့ စေတနာ့ဝန်ထမ်း ၂ ရာခိုင်နှုန်းလောက်ကတော့ ခေါင်းကိုက်တာ၊ မောပန်းနွမ်းနယ်တာမျိုး ခံစားခဲ့ရပါတယ်။ သက်ကြီးရွယ်အိုတွေကတော့ ဘေးထွက်ဆိုးကျိုး သိပ်ခံစားခဲ့ရဖွယ် မရှိပါဘူး။

လူ ၁၀ ဦးကို အခြေခံထားတဲ့ ရလဒ်တွေအရ Pfizer ကာကွယ်ဆေးက ကိုဗစ်-၁၉ ရောဂါ ပြင်းပြင်းထန်ထန် မခံစားရအောင်လည်း ကာကွယ်ပေးနိုင်တဲ့ အထောက်အထား တွေ့ရပါတယ်။ ကာကွယ်ဆေးက အချိန်ဘယ်လောက်ကြာကြာ ကာကွယ်ပေးနိုင်လဲ၊ ကာကွယ်ဆေးထိုးထားသူတွေကနေ ဗိုင်းရပ်စ် ထုတ်လွှတ်ခြင်း ရှိ၊ မရှိဆိုတဲ့ အချက်တွေကိုတော့ မသိရသေးပါဘူး။
စမ်းသပ်ထိုးနှံမှုခံယူသူတွေထဲမှာ ၄၂ ရာခိုင်နှုန်းက မျိုးနွယ်စု ကွဲပြားသူတွေဖြစ်ပြီး ၄၁ ရာခိုင်နှုန်းကတော့ အသက် ၅၆ နှစ်ကနေ အသက် ၈၅ နှစ်အရွယ်ရှိသူတွေပါ။ အမေရိကန်၊ ဂျာမနီ၊ တူရကီ၊ တောင်အာဖရိက၊ ဘရာဇီး၊ အာဂျင်တီးနားနိုင်ငံတွေမှာရှိတဲ့ နေရာ ၁၅၀ မှာ စမ်းသပ်မှုလုပ်နေပြီး ဘေးအန္တရာယ်ကင်းရှင်းမှု၊ အာနိသင်ထက်မြက်မှု စတဲ့ အချက်အလက်တွေကို နောက်ထပ် ၂ နှစ်ကြာ စုဆောင်းသွားမှာပါ။

Pfizer ကာကွယ်ဆေးက ရေခဲသေတ္တာထဲမှာ ၅ ရက်ကြာ ထားနိုင်ပေမဲ့ အပူချိန် (-၈၀) ဒီဂရီဆဲလ်စီးယက်ဝန်းကျင်မှာ သိုလှောင်ထားဖို့ လိုပါတယ်။ သိပ်မကြာခင်က ထွက်ပေါ်ခဲ့တဲ့ ကနဦးရလဒ်တွေအရ ကိုဗစ်-၁၉ ရောဂါကို ၉၄.၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ Moderna ကာကွယ်ဆေးကတော့ အပူချိန် (-၂၀)ဒီဂရီဆဲလ်စီးယက်မှာ (၆)လ၊ သာမန်ရေခဲသေတ္တာထဲမှာ (၁)လအထိ သိုလှောင်ထားလို့ ရပါတယ်။

Ref: BBC ” Covid vaccine: Pfizer says it’s ‘94% effective in over-65s”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top