မိုင် (၂၀၀၀) အဝေးက သူစိမ်းအမျိုးသားကြောင့် အသက်ဆက်ရှင်ခဲ့ရတဲ့ (၁၀) လသားလေး

24-12-2020-yyl10.jpg

ကယ်လီဖိုးနီးယားပြည်နယ်က စုံတွဲတစ်တွဲကတော့ သူတို့မျှော်လင့်ထားတဲ့ အကောင်းဆုံးလက်ဆောင်ကို ရရှိခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်နေကြပါတယ်။ သူတို့ရရှိခဲ့တဲ့ အကောင်းဆုံးလက်ဆောင်ကတော့ ကျန်းမာသန်စွမ်းတဲ့ကလေးလေးပါပဲ။ အဲဒီအတွက် မိုင် (၂၀၀၀) အဝေးမှာ နေထိုင်တဲ့ ကိုယ်တွင်းအင်္ဂါလှူဒါန်းပေးတဲ့အမျိုးသားကို ကျေးဇူးတင်ရမှာပါ။ အဲဒီအမျိုးသားကြောင့် သူတို့ရဲ့ (၁၀) လသားလေးက အသက်ဆက်ရှင်ခဲ့ရတာဖြစ်ပါတယ်။

ချတ်တ် နဲ့ အယ်လီ ကူပါးတို့စုံတွဲက သူတို့ကလေးလေးရဲ့အသက်ကို ကိုယ်တွင်းအင်္ဂါလှူဒါန်းပေးပြီး ကယ်တင်ပေးခဲ့တဲ့ အဲဒီသူစိမ်းအမျိုးသား မိုက်ကယ် စပက်ခ်ကို ကျေးဇူးတင်မဆုံးဖြစ်နေကြပါတယ်။ သူတို့က မိုက်ကယ်ကို Zoom ကနေတဆင့် တွေ့ဆုံပြီး ကျေးဇူးတင်စကားပြောခဲ့ကြပါတယ်။ “မိုက်ကယ်ကို ကျွန်မတို့ ဘယ်လောက်ကျေးဇူးတင်လဲဆိုတာ စကားလုံးနဲ့တောင် ဖော်ပြလို့မရပါဘူး။ ကျွန်မတို့သားလေးရဲ့ဘဝကို ကယ်တင်ပေးခဲ့တယ်” လို့ Zoom Video Call အတွင်းမှာ အယ်လီက ပြောပါတယ်။ ”အခုလို ကူညီခွင့်ရလို့ ကျွန်တော် ဂုဏ်ယူပါတယ်” လို့ မိုက်ကယ်ကလည်း ပြောပါတယ်။

မိုက်ကယ်က သူ့ရဲ့အသည်းတစ်စိတ်တစ်ပိုင်းကို (၁၀) လသားလေး ဂျာကော့ဘ် ကူပါးကို လှူပေးခဲ့ပါတယ်။ ဂျာကော့ဘ်လေးက သေဆုံးနိုင်တဲ့ ရှားပါးအသည်းရောဂါတစ်မျိုးဖြစ်တဲ့ သည်းခြေရည်ပြွန်ပိတ်ရောဂါ (Biliary Atresia) နဲ့ မွေးဖွားလာခဲ့တာပါ။ “ကျွန်တော့်ရဲ့သားက ရောဂါပါလာပြီးမွေးဖွားခဲ့တယ်။ အဲဒီနောက်မှာ သားရဲ့အသက်ကို ကယ်တင်ပေးဖို့အတွက် တစ်ခါမှမမြင်ဖူးတဲ့ လူတစ်ယောက်ပေါ်လာခဲ့တယ်” လို့ ချတ်တ်က ပြောပါတယ်။ Children’s Hospital Los Angeles မှာ အလုပ်လုပ်နေတဲ့ ဒေါက်တာ ယူရီ ဂျန်နက်က ဂျာကော့ဘ်ဟာ အသက်ဆက်ရှင်ဖို့အတွက် အသည်းအစားထိုးဖို့ လိုအပ်တယ်လို့ ပြောခဲ့တာပါ။ ကလေးက တဖြည်းဖြည်းနဲ့ နေမကောင်းဖြစ်လာပြီး အသည်းအစားမထိုးခင်မှာ ဆေးရုံတက်ခဲ့ရပါတယ်။ နေမကောင်းဖြစ်တာက စိုးရိမ်ရတဲ့အခြေအနေဖြစ်ခဲ့တာပါ။

ဂျာကော့ဘ်ရဲ့အဖေကလည်း ချက်ချင်းပဲ သူ့သားအတွက် အသည်းလှူဒါန်းပေးဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆေးစစ်ချက်အဖြေမှာ သူ့အဖေကလည်း တင်ပါးဆုံရိုးနားမှာ အကျိတ်ရှိနေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် အသည်းလှူဒါန်းပေးလို့မရခဲ့ပါဘူး။ ချက်တ်နဲ့ အယ်လီ ကူပါးတို့နှစ်ဦးစလုံးဟာ အသည်းလှူဒါန်းဖို့အတွက် မကိုက်ညီတဲ့အတွက် ဆရာဝန်တွေက နောက်ထပ်အစားထိုးလှူဒါန်းပေးမယ့်သူကို ရှာဖွေခဲ့ကြပါတယ်။ ရက်သတ္တပတ်အနည်းငယ်အကြာမှာတော့ မိုင် (၂၀၀၀) နီးပါးဝေးတဲ့ အိုဟိုင်းယိုးပြည်နယ်မှာ အလှူရှင်ကို တွေ့ခဲ့ပါတယ်။

အသည်းအလှူရှင်ကတော့ အသက် (၆၄) နှစ်အရွယ် မိုက်ကယ် စပက်ခ်ပါပဲ။ မိုက်ကယ်က ဟိုအရင်တုန်းကလည်း ဝန်ကြီးတစ်ယောက်ကို ကျောက်ကပ် ပေးခဲ့ဖူးပါတယ်။ ခွဲစိပ်ဆရာဝန်ကြီးက မိုက်ကယ်ကို အသည်းက (၁၀) လသားလေးအတွက်ပါလို့ ပြောတော့ မိုက်ကယ် မျက်ရည်ကျခဲ့ရပါတယ်။ အောက်တိုဘာလမှာ မိုက်ကယ်က အသည်းအစားထိုးပေးဖို့အတွက် လော့စ်အိန်ဂျယ်လိစ်မြို့ကို လာခဲ့ပါတယ်။ အသည်းအစားထိုးကုသမှုက လုံးဝက အောင်မြင်သွားခဲ့ပါတယ်။ အခုဆိုရင် မိုက်ကယ်က အခြားသူတွေကိုလည်း သူ့ကို စံနမူနာယူပြီး ကိုယ်တွင်းအင်္ဂါလှူဒါန်းပေးကြဖို့ မျှော်လင့်နေပါတယ်။

နိုဝင်ဘာလမှာတော့ ဂျာကော့ဘ်ရဲ့ဖခင် ချတ်တ် ကူပါးဟာ သူ့ရဲ့အကျိတ်ကို ဖယ်ရှားပစ်ဖို့အတွက် ခွဲစိပ်ကုသမှုခံယူခဲ့ရပါတယ်။ အခုတော့ အဖေရော၊သားရော ကျန်းမာရေးကောင်းမွန်နေပါပြီ။

Ref: CBSNews “10-month-old baby gets life-saving liver transplant from a stranger living 2,000 miles away”

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top