လူမှုကွန်ရက်က လူသားတွေကို ဘယ်လိုဆိုးကျိုးတွေပေးနေလဲ

social-e1551164927782.jpg

ဒီနေ့ခေတ်မှာ ဖုန်းတွေကို ပွတ်လိုက်တာနဲ့ ကမ္ဘာအနှံ့အပြားက လူတွေနဲ့ ဆက်သွယ်လို့ရနေပါပြီ။ လူမှုကွန်ရက်တွေ ပေါ်လာခြင်းက သိချင်တဲ့အကြောင်းအရာ၊ အချက်အလက်တွေကို အလွယ်တကူသိနိုင်တာကြောင့် ကျွန်မတို့ရဲ့ဘဝတွေကို အဆင်ပြေစေပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်အသုံးပြုခြင်းက ကောင်းကျိုးတွေရှိသလို စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုထိခိုက်စေတဲ့ဆိုးကျိုးတချို့လည်းရှိနေပါတယ်။ လူမှုကွန်ရက်အသုံးပြုခြင်းရဲ့ ဆိုးကျိုးတွေကတော့

ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုမဲ့လာခြင်း
လူမှုကွန်ရက်က လူတွေရဲ့ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ခြင်းကို ထိခိုက်စေပါတယ်။ ကျွန်မတို့အားလုံး သိကြသလိုပဲ တချို့လူတွေက သူတစ်ပါးရဲ့အားနည်းချက်ကို မငဲ့ဘဲ၊ သူတစ်ပါးရဲ့ခွင့်ပြုချက်မရှိဘဲ လူမှုကွန်ရက်မှာ ဖွင့်ထုတ်မှုတွေရှိလာပါတယ်။ ဒါ့အပြင် လူမှုကွန်ရက်မှာ တွေ့ရတဲ့အရာတိုင်းကို မှန်လား၊ မှားလားဆိုတာကို ဝေဖန်ဆန်းစစ်မှုတွေ မပြုလုပ်ဘဲ ကိုယ်ထင်ရာကိုယ်သာဇွတ်ယုံနေကြပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားရကောင်းမှန်လည်း မသိဖြစ်နေကြပါတယ်။ ဖေ့စ်ဘွတ်၊ အင်စတာဂရမ်တွေရဲ့ New feed ကို ပွတ်ကြည့်လိုက်ရင်း အခြားတစ်ယောက်ရဲ့ ပြီးပြည့်စုံမှုနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်တာတွေပြုလုပ်လာတာက ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိဖြစ်စေပြီး သံသယများလာနိုင်ပါတယ်။

ပြင်ပမှာဆက်သွယ်မှုအားနည်းလာခြင်း
ဒီဂျစ်တယ်ခေတ်ရောက်လာတာနဲ့ လူတွေက သူတို့အချင်းချင်း အဆက်အဆံလုပ်ဖို့ လျော့နည်းလာနေပါတယ်။ အခုခေတ်မှာဆိုရင် လူတိုင်းက ဖုန်းနဲ့ လူမှုကွန်ရက်အသုံးပြုကြတဲ့အတွက် သူတို့ဘေးမှာထိုင်နေတဲ့သူကိုတောင် အာရုံမစိုက်နိုင်ဘဲ ဖုန်းကိုပဲစိတ်ဝင်စားနေကြပါတယ်။ ဘာကိုမှအာရုံမရတော့ဘဲ သူတို့ပတ်ဝန်းကျင်ကလူတွေနဲ့ အဆက်အဆံလုပ်ဖို့တောင် မေ့လျော့နေကြပါပြီ။

အိပ်မပျော်ခြင်း
တစ်ဦးတစ်ယောက်ချင်းစီအတွက် အိပ်စက်ခြင်းက အရမ်းအရေးကြီးလှပါတယ်။ ဖုန်းနဲ့ လူမှုကွန်ရက်ကို အဆက်မပြတ်အသုံးပြုတာက လူတစ်ယောက်ရဲ့ အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်။ ကျွန်မတို့တွေက အိပ်ရာမဝင်ခင်မှာ ဖုန်းအသုံးပြုကြတဲ့အတွက် စောစောအိပ်ရာဝင်ဖို့ ခဲယှဉ်းစေပါတယ်။ ဒါ့အပြင် ဖုန်းကထွက်တဲ့အလင်းရောင်က လူတစ်ယောက်ကို အိပ်စက်စေတဲ့ မယ်လတိုနင် (Melatonin) ဓာတ်တွေကို ဖုံးဖိထားပါတယ်။

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထိခိုက်လာခြင်း
လူမှုကွန်ရက်ကို ဆက်တိုက်အသုံးပြုတာက လူတစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို သက်ရောက်မှုရှိတယ်လို့ လေ့လာတွေ့ရှိချက်တော်တော်များများမှာ တွေ့ရပါတယ်။ လူမှုကွန်ရက်ကို သတိနဲ့အသုံးမပြုဘူးဆိုရင် စိုးရိမ်ပူပန်တာ၊ စိတ်ဓာတ်ကျတာတွေလို စိတ်ပိုင်းဆိုင်ရာပြဿနာများစွာ ဖြစ်လာနိုင်ပါတယ်။

လူမှုကွန်ရက်အသုံးပြုခြင်းက လူသားတွေအတွက် ဆိုးကျိုးတွေ မဖြစ်ရလေအောင် လူမှုကွန်ရက်ကို အချိန်နဲ့ကန့်သတ်သုံးဖို့ အရေးကြီးပြီး အသုံးပြုနေရင်လည်း အသိ၊ သတိနဲ့ နားနားပြီး သုံးပါ။ ဖုန်းကိုပဲ စိတ်ဝင်စားမနေဘဲ အနီးနားမှာ ဖြစ်ပျက်နေတဲ့အရာတွေကို သတိပြုနိုင်ကြပါစေ။

Ref: Here is how social media can be dangerous for your mental health
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top