မြန်မာနိုင်ငံမှ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများအတွက် Application ပြိုင်ပွဲကြီး ကျင်းပ

IMG_5710.jpg

KDDI ဖောင်ဒေးရှင်းအနေနဲ့ မြန်မာနိုင်ငံရဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအတွက် Application ပြိုင်ပွဲကို ကျင်းပခဲ့ရာ ပဏာမအဆင့် သတ်မှတ်ချက်ရဲ့ စကာတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ ပြိုင်ပွဲဝင် (၁၀) ဖွဲ့အတွက် ဆုပေးပွဲအခမ်းအနားကို ပထမဆုံးအနေနဲ့ ဖေဖော်ဝါရီ ၂၃၊၂၀၁၉ရက်နေ့က PARKROYAL YANGON မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီပြိုင်ပွဲကြီးကနေတဆင့် တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေရဲ့ application ရေးသားခြင်းနဲ့ပတ်သတ်ပြီး စွမ်းရည်နဲ့ အတွေ့အကြုံတွေကို တိုးမြှင့်စေဖို့နဲ့ လူမှုဆက်ဆံရေးနဲ့ပတ်သတ်တဲ့ ပြဿနာတွေကို ဖြေရှင်းမှုဆိုင်ရာ စွမ်းရည်တွေကို တိုးမြှင့်စေဖို့ ရည်ရွယ်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတို့က ဒီပြိုင်ပွဲကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ အခုပြိုင်ပွဲမှာ တက္ကသိုလ်ပေါင်း (၁၈) ကျောင်းက ကျောင်းသားကျောင်းသူတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

ပထမဆုကို အကြားအာရုံအားနည်းတဲ့ကလေးငယ်တွေ စကားပြောလေ့ကျင့်နိုင်ဖို့ကူညီပေးနိုင်မယ့် VoisDev Application နဲ့ယှဉ်ပြိုင်ခဲ့တဲ့ မန္တလေးကွန်ပျူတာတက္ကသိုလ်က Team VoisDev၊ ဒုတိယဆုကို အွန်လိုင်းဈေးအရောင်းအဝယ်လုပ်ငန်းနဲ့ ပစ္စည်းပို့ဝန်ဆောင်မှုအတွက် အဆင်ပြေချောမွေ့စေနိုင်မယ့် Quick Feet Courier Application နဲ့ယှဉ်ပြိုင်ခဲ့တဲ့ မန္တလေးနည်းပညာတက္ကသိုလ်က Team Wyvern နဲ့ တတိယဆုကိုတော့ ကိုယ်ဝန်ဆောင်မိခင်တွေကို နေ့စဉ်၊ အပတ်စဉ်တိုင်း ကျန်းမာရေးအကြံပြုချက်များစွာပေးမယ့် Pregnant Care Application နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပြည်ကွန်ပျူတာတက္ကသိုလ်က Team w2mas တို့က အသီးသီးရရှိသွားခဲ့ကြပါတယ်။

ပံ့ပိုးကူညီတဲ့ကုမ္ပဏီတွေက ပေးအပ်တဲ့ဆုကိုရရှိတဲ့အဖွဲ့တွေကတော့
BRYCEN Myanmar Award – Team inFocus (ပင်လုံကွန်ပျူတာတက္ကသိုလ်)
FUJITSU Award – Team mobilFoodie (သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်)
iSGM Award – Team LZ (မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်)
KDDI Myanmar Award – Team Nura Dev (မန္တလေးကွန်ပျူတာတက္ကသိုလ်)
Propel Network Award – Team w2mas (ပြည်ကွန်ပျူတာတက္ကသိုလ်) တို့ပဲဖြစ်ပါတယ်။

KDDI ဖောင်ဒေးရှင်းကို ၂၀၀၉ခုနှစ် အောက်တိုဘာလက စတင်တည်ထောင်ခဲ့ပြီး သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ (ICT) ကို အသုံးပြုတဲ့သူတွေအနေနဲ့ တန်ဖိုးရှိလှတဲ့ လူမှုအဖွဲ့အစည်းကို အထောက်အကူပြုနိုင်စေဖို့နဲ့ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်စေရန် ICT မှ တဆင့် အထောက်အကူပြုနိုင်ဖို့ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top