ဘာကြောင့် ပလတ်စတစ်ကင်းစင်ရေးကို တက်တက်ကြွကြွ လှုပ်ရှားသင့်တာလဲ

39245840_241630780020786_2201176657664933888_n.jpg

နှစ်ပေါင်း (၄၅၀)။ ဒါဟာ ပလတ်စတစ်ဗူးတစ်ဗူးပျက်စီးဖို့အတွက် လိုအပ်တဲ့အချိန်ပါ။ ဟုတ်ပါတယ်။ တစ်ဗူးတည်းကို နှစ်ပေါင်း (၄၅၀) ကြာတာပါ။ ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်တဲ့ နံပါတ်တွေလဲဆိုတာ

အောက်မှာဆက်ကြည့်လိုက်ကြရအောင်။

၁၂ မိနစ်

ပျှမ်းမျှအားဖြင့် ပလတ်စတစ်တွေ အမှိုက်ပုံးထဲမရောက်ခင်အသုံးပြုခံရတဲ့ အချိန်ပမာဏက (၁၂) မိနစ်ပဲရှိပါတယ်။

၂၆၉,၀၀၀ တန်

တန်ပေါင်း (၂၆၉,၀၀၀) ရှိတဲ့ ပလတ်စတစ်တွေက ပင်လယ်ထဲမှာနစ်မြုပ်နေကြပါတယ်။

ပင်လယ်ငှက် ၁ သန်းနဲ့ ရေနေသတ္တဝါ ၁ သိန်း

စွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေကြောင့် ပင်လယ်ငှက် ၁ သန်းနဲ့ ရေနေသတ္တဝါ ၁ သိန်း နှစ်စဉ်သေဆုံးနေရပါတယ်။

ပလတ်စတစ်တန်ချိန် သန်း ၃၀၀

ကမ္ဘာတစ်ဝှမ်းလုံးက နှစ်စဉ်ပလတ်စတစ်အရေအတွက်ပေါင်း တန်ချိန် သန်း ၃ဝဝကို ထုတ်လုပ်နေပါတယ်။(၁၉၅၀) ခုနှစ်တုန်းက (၁.၅) မီလီယံ တန်ပဲ ထုတ်လုပ်ခဲ့ကြတယ်ဆိုပေမဲ့ပေါ့။

၆ ဆ

ပင်လယ်ထဲမျောနေတဲ့ ပလတ်စတစ်အရေအတွက်ဟာ ရေမှော်တွေ၊ ရေနေသတ္တဝါတွေထက် (၆) ဆပိုပါတယ်။

၂၀၅၀

(၂၀၅၀) ခုနှစ်အရောက်မှာ ပင်လယ်ထဲက ပလတ်စတစ်အရေအတွက်ဟာ ရေနေသတ္တဝါတွေရဲ့အရေအတွက်ထက် ပိုလို့များသွားလိမ့်မယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

နေ့စဉ်ဘဝမှာ ပလတ်စတစ်ကိုအသုံးပြုရ အဆင်ပြေလာတာနဲ့အမျှ လူတော်တော်များများတော့ ပလတ်စတစ်မပါတဲ့ နေ့ရက်တွေကို စိတ်တောင်မကူးရဲကြတော့ပါဘူး။ ကော်ဖီခွက်၊ ပလတ်စတစ်နဲ့ ထုပ်ထားတဲ့မုန့်၊ တစ်ခါသုံး ကလေးသေးခံ စတဲ့အရာတွေအားလုံးက ပလတ်စတစ်နဲ့ချည်းပြုလုပ် အသုံးပြူနေကြတာဖြစ်လို့ ချက်ချင်းကြီးရပ်တန့်ပစ်လိုက်ဖို့ဆိုတာကတော့ မလွယ်ကူပါဘူး။ ကျွန်တော်တို့အားလုံးဟာလည်းပလတ်စတတ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို စဉ်းစားခဲကြပါတယ်။

ပလတ်စတစ်ကို စားသုံးမိနေတယ်

ပလတ်စတစ်တွေကို စားမှန်းမသိစားမိနေတယ်ဆိုတာကို သင်သိပါသလား။ ပင်လယ်ထဲက ပလတ်စတစ်တွေက ဘယ်တော့မှမပြိုကွဲသွားပါဘူး။ ဆိုလိုချင်တာက မိုင်ခရို ပလတ်စတစ် (ပလတ်စတစ်အမှုန်) လေးတွေအနေနဲ့ ပင်လယ်ထဲမှာကျန်ရှိနေတုန်းပါ။ ငါးနဲ့ တခြားရေနေသတ္တဝါတွေက အဲဒီအမှုန်တွေကို အပင်၊ ရေမှော် ဒါမှမဟုတ်လည်း ၎င်းတို့ရဲ့အစာထင်ပြီး မျိုချလိုက်တတ်ကြပါတယ်။ ကျွန်တော်တို့ငါးကို စားတဲ့အခါ၊ သူမျိုချထားတဲ့ ပလတ်စတစ်တွေကိုပါ စားသုံးနေမိတယ်ဆိုတာကို မမေ့ပါနဲ့။

နောက်တစ်ခုကတော့ ပလတ်စတစ်ဗူးခွံတွေပါ။ အဲဒီဗူးတွေကို တစ်ကြိမ်ထက်ပိုပြီး အသုံးပြုလို့အဆင်ပြေတယ်ထင်ရင် သင်မှားသွားပါပြီ။ ဗူးထဲကို တစ်ကြိမ်ရေဖြည့်လိုက်တိုင်း ရေတွေထဲကို ပလတ်စတစ်အမှုန်တွေက တစ်ကြိမ်ဝင်ရောက်လာပါတယ်။ သောက်မိလိုက်မယ်ဆိုရင်တော့ ရေထဲက ပလတ်စတစ်အမှုန်တွေကိုပါ သောက်ပြီးသားဖြစ်သွားပါပြီ။

ဘယ်လိုအဆိပ်အတောက်ဖြစ်စေနိုင်လဲ

ပလတ်စတစ်မှာပါဝင်တဲ့ ဘစ်ဖီနောလ် အေ (Bisphenol A)၊ ဖတ်သ်လိထ် ပလတ်စတစ်ဇာစ် (phthalate plasticizers)၊ ဖော်မယ်လ်ဒီဟိုက်ဒ် (formaldehyde) တို့လိုဓာတ်တွေနဲ့ အခြားသော ဓာတ်ပေါင်းများစွာဟာ လူသားတွေကို ကင်ဆာ၊ မျိုးမအောင်ခြင်း၊ ယားယံခြင်းနဲ့ တခြားသောကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

နေ့စဉ်ဘဝထဲက ပလတ်စတစ်မှုန်များသွားတိုက်ဆေး၊ မျက်နှာသစ်ဆေး၊ ရေချိုးဆပ်ပြာနဲ့ မျက်နှာလိမ်းခရင် စတဲ့များစွာသော အလှကုန်ပစ္စည်းအမျိုးမျိုးမှာ ပလတ်စတစ်မှုန်လေးတွေက ပုန်းအောင်းနေကြပါတယ်။ အဲဒီပလတ်စတစ်မှုန်လေးတွေက ကျွန်တော်တို့ရဲ့သွားကို ဖြူဝင်းစေနိုင်သလို မျက်နှာကိုလည်းတောက်ပြောင် ချောမွေ့စေနိုင်ပါတယ်။ ဒီအရာကိုကြည့်လိုက်ရုံနဲ့ ပလတ်စတစ်က သောက်သုံးရေနဲ့ ပင်လယ်ထဲမှာတင်မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာပါ ဘယ်လောက်တောင်ကြီးစိုးနေပြီလဲဆိုတာ မှန်းဆကြည့်လို့ရပါတယ်။

Ref: runtastic “A life without plastic? These facts support the concept”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top