ခြေဖဝါးကပြောပြနေတဲ့ ကျန်းမာရေးအကြောင်း တစေ့တစောင်း

happy-feet-PPCUGJG.jpg

လူ့ခန္ဓာကိုယ်မှာ ကျန်းမာရေးပြဿနာ အမျိုးမျိုးနဲ့ပတ်သက်ပြီး အထောက်အထား ပြနိုင်တဲ့ ရောဂါရှာဖွေရေး ကိရိယာက ခြေဖဝါးပါတဲ့။ ခြေဖဝါးက ပြောပြလာတဲ့ အရေးပေါ် လက္ခဏာလေးတွေကို သိထားရင် အချိန်မီ ဆရာဝန်နဲ့ ပြသလို့ ရနိုင်တာပေါ့နော်။ ဘယ်လို လက္ခဏာတွေလဲ ဆိုတာ ကြည့်ရအောင်…

အမွှေးမရှိတဲ့ ခြေဖဝါး

ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ခန္ဓာကိုယ်မှာ အထူးသဖြင့် ခြေချောင်းမှာ အမွှေးပါးပါးလေးတွေ ရှိတတ်ပါတယ်။ ခြေဖဝါးက ပိုချောမွေ့လာပြီး ခြေချောင်းလေးတွေမှာ အမွှေးလုံးဝ မရှိတော့ဘူးဆိုရင် သွေးလည်ပတ်မှု ပြဿနာ ဆိုးဆိုးရွားရွား ဖြစ်နေပြီဆိုတာ ပြတာပါ။ နှလုံးက ခန္ဓာကိုယ်အနှံ့ လိုအပ်တဲ့ သွေးကို ညှစ်ထုတ်ပေးဖို့ ခက်ခဲတဲ့ အခြေအနေ ဖြစ်နေပြီး နှလုံးသွေးလွှတ်ကြောဆိုင်ရာ ရောဂါဖြစ်နေပြီ ဆိုတာ ပြတာပါ။ နှလုံးက ပြန်လည်ကုစားရေး လုပ်ငန်းတွေ ဆောင်ရွက်နေချိန် အရေးကြီးတဲ့ အင်္ဂါ အစိတ်အပိုင်း တွေဆီ သွေးပို့နေရတာကြောင့်ခြေဖဝါးကို သွေးပို့လွှတ်နိုင်မှု နည်းသွားတာ ဖြစ်ပါတယ်။

ခြေသည်းခွံ အထဲကို ခွက်ဝင်သွားခြင်း

ခြေသည်းခွံက ပုံမှန်အတိုင်း မဟုတ်တော့ဘဲ ဇွန်းအခုံးလို ခွက်ဝင်နေတယ်ဆိုရင် ဒါက သံဓာတ်ချို့တဲ့ နေတာကို ပြတာပါ။ သွေးအားနည်းရောဂါက ကမ္ဘာမှာ အဖြစ်အများဆုံး သွေးရောဂါ ဖြစ်ပါတယ်။ သံဓာတ်အားနည်းတာကို မကုသဘဲ ထားလိုက်ရင် အသားအရည် ဖျော့တော့လာပြီး အသက်ရှူရကျပ်ခြင်း ၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း အစရှိတာတွေ ဖြစ်လာမှာပါ။

အနာကျက်ဖို့ ကြာခြင်း

ခြေဖဝါးမှာ အနာဖြစ်နေပြီး တော်တော်နဲ့ မကျက်ဘဲ အနာပေါက်ကျယ်လာတယ်ဆိုရင် ဒါက ဆီးချိုရောဂါ ရှိနေတာကို ပြတာပါ။ ဒီလိုအနာတွေက ဆီးချိုကြောင့်ဖြစ်တဲ့ ပြည်တည်နာတွေပါ။ သွေးအတွင်း သကြားဓာတ်နဲ့ အဆီဓာတ် မြင့်မားလာတဲ့ အခါ အကြောတွေကို ပျက်စီးစေပါတယ်။ ဒါကြောင့်လည်း အထူးသဖြင့် ခြေဖဝါးမှာ အနာကျက်ဖို့ကြာနေတာပါ။

ခြေဖဝါးအေးစက်ခြင်း

ခြေဖဝါးအေးတယ်ဆိုတာ လူတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတယ် ဆိုပေမဲ့ အကြောင်းရင်းမရှိဘဲ ခြေဖျားတွေ အေးနေတယ်ဆိုရင်တော့ ဒါက သိုင်းရွိုက် ကောင်းကောင်း အလုပ်မလုပ်တာကိုပြတာပါ။ သိုင်းရွက် မကောင်းတဲ့အခါ အမိုင်နိုအက်ဆစ် ထုတ်တာများလာပြီး နှလုံးရောဂါဖြစ်ခြင်း၊ သွေးလည်ပတ်မှု မကောင်းခြင်းနဲ့ သွေးကြောကျဉ်းခြင်း ဖြစ်စေပါတယ်။

ခြေသည်းခွံဝါလာခြင်း

ပုံမှန်ထက် ခြေသည်းခွံထူလာပြီး အဝါရောင်သန်းလာပြီဆိုရင် ဒါက မှိုရောဂါ ဖြစ်နေတယ်ဆိုတာ ပြသတာပါ။ ဒီလိုမျိုးက လေဝင်လေထွက် မကောင်းတဲ့ ရှူးဖိနပ်တွေ ဝတ်လေ့ရှိတဲ့ အကျင့်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အကြာကြီး ချွေးထွက်စေတဲ့ ခြေအိတ်ကို ဝတ်တာကလည်း မှိုရောဂါ ဖြစ်စေပါတယ်။

ခြေထောက်ထုံကျဉ်ခြင်း

ခြေထောက်ထုံကျဉ်တယ်ဆိုတာ သွေးအတွင်းသကြားဓာတ် မြင့်မားလာတာကြောင့် အာရုံကြောကို ထောက်ပံ့ပေးနေတဲ့ အကြောတွေ ပျက်စီးသွားတာကို ပြတာပါ။ အာရုံခံနိုင်တဲ့ အကြောတွေ ပျက်စီးတဲ့အခါ အထိအတွေ့၊ နာကျင်မှုနဲ့ အပူအအေးခံစားမှုတွေကိုလည်း မသိနိုင်တော့ပါဘူး။

ခြေချောင်းအရောင်ပြောင်းသွားခြင်း

စိတ်ဖိစီးမှုများလို့ပဲဖြစ်ဖြစ် အပူအအေး မမျှတတဲ့ အခါဖြစ်ဖြစ် သွေးမလျှောက်တဲ့ အခါ ခြေချောင်းအရောင်က ဖြူစွတ်သွားပါတယ်။ ပြီးတဲ့ အခါ ပြာနှမ်းသွားပြီး အေးစက်ထုံကျဉ်လာပါမယ်။ သွေးပူလေ့ကျင့်ခန်းလုပ်ပြီး သွေးလည်ပတ်မှု ကောင်းသွားတဲ့အခါ ခြေချောင်းလေးတွေမှာ သွေးရောင်ပြန်သမ်းလာပေမဲ့ ရောင်ရမ်းခြင်းနဲ့ ယားယံခြင်းကတော့ ကျန်ခဲ့ပါတယ်။

ခြေချောင်းပုံပျက်ခြင်း

ခြေချောင်း ဘေးအသားတွေ ရုတ်တရက် နာကျင်လာပြီး ခြေချောင်းပုံစံက တဖြည်းဖြည်း ပျက်ယွင်းလာတယ်ဆိုရင် ဒါက အဆစ်အမြစ်ရောင် ဂေါက်ရောဂါဖြစ်ချင်နေတဲ့ လက္ခဏာပါပဲ။ ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်ဆစ် များနေပြီဆိုတာ ပြနေတာပါ။

ဒီအချက်လေးတွေကို သိထားပြီးရင်တော့ ကိုယ့်ရဲ့ ခြေချောင်းလေးတွေကို ဂရုတစိုက်ကြည့်ဖို့ မမေ့ပါနဲ့နော်။

Ref: Rd.com “How your feet say about your health”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top