တိရစ္ဆာန်ရုံသွားရတာက တစ်ခါတစ်ရံရင်ခုန်ဖို့ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အခန့်မသင့်ရင် ကိုယ့်ရှေ့မှာ မစင်များ ဝဲပျံနေတတ်လို့ပါပဲ။ ဒီအရာများရဲ့ တရားခံကတော့ ကျွန်တော်တို့ လူသားများနဲ့ အလွန် အမျိုးနီးတဲ့ချင်ပန်ဇီများဖြစ်ကြပြီး သူတို့ဟာ လာရောက်လည်ပတ်သူတို့ရဲ့ မျက်နှာကို သူတို့ရဲ့ မစင်များနဲ့ ပစ်ပေါက်လေ့ရှိတယ်ဆိုပြီး နာမည်ကြီးပါတယ်။ ဒီအပြုအမူရဲ့ နောက်ကွယ်ကအကြောင်းအရင်းက ဘာလဲ။
ပိုပြီးအရေးကြီးတာက သူတို့အခုလိုပစ်ပေါက်ဖို့အတွက် ပစ်မှတ်ဖြစ်ရင် ကိုယ့်ကိုယ်ကိုကံကောင်းသူအဖြစ် မှတ်ယူနိုင်မလား။
မစင်များနဲ့ ပစ်ပေါက်တတ်တဲ့အလေ့အကျင့်ဟာ ပရိုင်းမိတ်များအတွက်တော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာမဟုတ်ပါဘူး။ ပရိုင်းမိတ်ဖြစ်တဲ့ ကျွန်တော်တို့လူသားတို့တောင် အခုလိုလုပ်ဖို့ ဘယ်နှခေါက် အတွေးပေါ်ဖူးပါသလဲ။ ပြီးတော့ တောရိုင်းပရိုင်းမိတ်များဟာလဲ သူတို့မစင်များနဲ့ ပစ်ပေါက်တတ်တဲ့ အလေ့အကျင့်မရှိဘူးလို့ University of Wisconsin-Madison မှ မနုဿဗေဒပညာရှင်(anthropologist) Karen Strier က Livescience ကို ပြောကြားခဲ့ပါတယ်။ ဒါဟာ အခုလို ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ချင်ပန်ဇီများမှာသာ အတွေ့များတဲ့အပြုအမူတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။
Strier ဟာ သူ့ရဲ့ စာတမ်းအတွင်းမှာ ကမ္ဘာပေါ်က အငြိမ်းချမ်းဆုံးပရိုင်းမိတ်ထဲကတစ်မျိုးဖြစ်တဲ့ မြောက်ပိုင်းမျောက်လွှဲကျော် (northern muriqui) မျိုးစိတ်အမည် Brachyteles hypoxanthus ကို လေ့လာခဲ့ပါတယ်။ သူတို့ဟာ ဘရာဇီးတစ်ဝိုက်ကတောများအတွင်းမှာကျက်စားလေ့ရှိပြီး သူတို့ရဲ့ အုပ်စုများအတွင်းမှာ အထက် အောက်ဆက်ဆံမှုမျိုး ထားလေ့မရှိဘူးလို့ဆိုပါတယ်။ ဒီမျောက်များဟာ သူတို့အချင်းချင်းရန်မူခြင်းဟာ မလိုအပ်ဘူးလို့ယူဆထားတဲ့မျိုးစိတ်တစ်မျိုးလည်းဖြစ်ပါတယ်။
ဒါပေမဲ့ ချင်ပန်ဇီများ၊ မျိုးစိတ်အမည် Pan troglodytes များကတော့ သူတို့အဖွဲ့အတွင်းမှာ အထက် အောက် ဆက်ဆံမှုမျိုးထားရှိကြတယ်လို့ဆိုပါတယ်။ (လူများနဲ့ အမျိုးနီးတာလည်းမဆန်းပါဘူး။) သူတို့ဟာ သူတို့ရဲ့ လွှမ်းမိုးမှုကို ပြချင်ရင်ဖြစ်စေ၊ စိတ်အနှောက်အယှက်ဖြစ်လာရင်ဖြစ်စေ သစ်ကိုင်းများ၊ ကျောက်တုံးများနဲ့ ပစ်ပေါက်လေ့ရှိတယ်ဆိုတာကို တွေ့ရပါတယ်။
သူတို့ဟာ ဉာဏ်ရည်မြင့်မားပြီး communication ကောင်းတဲ့သူများဖြစ်တဲ့အတွက် အခုလို သူတို့စိတ်ခံစားချက်ကို ဖော်ပြလေ့ရှိတယ်လို့ University of California မှ Ronnie Steinitz က ပြောကြားခဲ့ပါတယ်။ အခုလို သစ်ကိုင်းများ၊ ကျောက်တုံးများနဲ့ ပစ်ပေါက်ခြင်းဟာ သူတို့အချင်းချင်းဆက်ဆံရေးမှာ အသုံးပြုတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဥပမာအားဖြင့် ချင်ပန်ဇီ (၂) ကောင် ဗိုလ်လုခြင်း (alpha male) တိုက်ပွဲပြီးရင် အနိုင်ရတဲ့ ချင်ပန်ဇီဗိုလ်ဘက်ကို သွားရောက်ပူးပေါင်းတတ်တဲ့ချင်ပန်ဇီများဟာ ကောင်းမွန်တဲ့ communicator များ ဖြစ်ပြီး သူတို့အဖွဲ့အတွင်းမှာ နေရာရလေ့ရှိပါတယ်။ သူတို့ဟာ အခုလိုရန်လိုတဲ့အပြုအမူများနဲ့ ဗိုလ်လုပြီးရင်လည်း အချင်းချင်း ပြန်လည်သင့်မြတ်အောင်ဆက်ဆံလေ့ရှိကြကာ အထက်အောက်ဆက်ဆံရေး (hierarchy) ကို တည်ဆောက်ကြတယ်လို့တွေ့ရပါတယ်။
ပြီးတော့ ၂၀၁၂ ခုနှစ်တုန်းက Philosophical Transactions of the Royal Society B ဂျာနယ်မှာ တင်ပြခဲ့တဲ့ စာတမ်း တစ်ခုအရ အချင်းချင်းပစ်ပေါက်ခြင်းကိုပိုမိုပြုလုပ်ပြီး လက်တည့်တဲ့ချင်ပန်ဇီများဟာ ပိုမိုဉာဏ်ရည် မြင့်မားကြသူများဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တိရစ္ဆာန်ရုံပတ်ဝန်းကျင်မှာ လူတစ်စုကသူတို့ကိုဝိုင်းကြည့်နေပြီဆိုရင် ချင်ပန်ဇီများရဲ့ စိတ်ထဲမှာ အနှောက်အယှက်ဖြစ်လာပြီး စိတ်ပျက်လာကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် သူ့ရဲ့ စိတ်နေစိတ်ထားကို ပတ်ဝန်းကျင်ဆီ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖော်ပြဖို့ကြိုးစားကြပါတယ်။ ဒါကြောင့် သူတို့ကို good communicator လို့ ခေါ်ခြင်းဖြစ်ပါတယ်။
သူတို့ရဲ့ လှောင်အိမ်အတွင်းမှာ ကျောက်တုံးများ၊ သစ်ကိုင်းများရှားပါးတာကြောင့် သူတို့ပစ်ပေါက်ဖို့အတွက် အနီးဆုံးလက်တစ်ကမ်းမှာရှိနေတဲ့အရာကိုသာအသုံးပြုလေ့ရှိပြီး ထိုအရာဟာ များသောအားဖြင့် သူတို့ရဲ့ မစင်များ ဖြစ်တယ်လို့ Steinitz က Livescience ကို ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ နောက်တစ်ကြိမ် တိရစ္ဆာန်ဥယျာဉ်ရောက်လို့ ချင်ပန်ဇီလှောင်အိမ်နားမှာ လူတွေများနေပြီဆိုရင် သတိထားဖို့ လိုပါတယ်။ မစင်ဖြစ်ရင်တောင် ရေဆေးလိုက်ရင်ပျောက်တတ်ပေမယ့် သူ့အနားမှာ ကျောက်ခဲရှိနေတဲ့အချိန်ဆိုရင်တော့ အန္တရာယ်များပါလိမ့်မယ်။
ဒါပေမယ့် တစ်ဘက်ကပြန်တွေးကြည့်ရင်လဲ ကြံဖန်ဂုဏ်ယူစရာတော့ရှိပါတယ်။ လူတွေအများကြီးရှိတဲ့အထဲမှာမှ ကိုယ့်ကို သူကရွေးပေါက်တယ်ဆိုရင်တော့ သူရဲ့ အာရုံစိုက်မှု (attention) ရရှိခြင်းဟာ ကံထူးခြင်းတစ်ခုဖြစ်ပါတယ်။ ဒါဟာ အခြားအသိဉာဏ်မြင့်သက်ရှိတစ်မျိုးက ကိုယ့်ကို communicate လုပ်နေခြင်းဖြစ်တယ်လို့ မှတ်ယူလိုက်ပါ လို့ Steinitz က ဆိုပါတယ်။
ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။
Ref: Curiosity
Team (ရိုးရာလေး)