မျောက်များနဲ့ နို့တိုက်သတ္တဝါများအားလုံးက ဘာကြောင့်လူအဖြစ်မပြောင်းလဲလာခဲ့သလဲ

Copy-of-Monkeys.jpg

မျိုးဆင့်ပြောင်းလဲခြင်းနဲ့ပတ်သက်ပြီး လူအတော်များများနားလည်မှုလွဲနေတာရှိပါတယ်။ အဲဒါကတော့ “လူဆိုတာ မျောက်ကဆင်းသက်လာတယ်” ဆိုတာပါပဲ။ တကယ်တော့ ကျွန်တော်တို့လူသားများဟာ အခုမြင်တွေ့နေရတဲ့မျောက်များကနေ ဆင်းသက်လာခဲ့ခြင်းမဟုတ်ပါဘူး။ အခုမြင်နေရတဲ့ မျောက်မျိုးနွယ်စုများနဲ့ ကျွန်တော်တို့ဟာ ရှေးဘုံတူမျောက်မျိုးနွယ်စုများကနေ ကိုင်းခွဲဆင်းသက်လာခဲ့ကြခြင်းဖြစ်ပါတယ်။

အခုမြင်တွေ့နေရတဲ့မျောက်မျိုးနွယ်စုများထဲမှာ ကျွန်တော်တို့နဲ့ အမျိုးအနီးဆုံးကတော့ ချင်ပန်ဇီများဖြစ်ပါတယ်။ ချင်ပန်ဇီများက Mouse နဲ့ rat တို့ထက် ကျွန်တော်တို့နဲ့ ပိုပြီးအမျိုးနီးပါတယ်။ ကျွန်တော်တို့နဲ့ ချင်ပန်ဇီတို့ဟာ ဒီအန်အေ (၉၉) ရာခိုင်နှုန်းအထိတူပြီး အခြားသောဂေါ်ရီလာများနဲ့ (၉၈) ရာခိုင်နှုန်း တူနေတာကိုလည်း တွေ့ရပါတယ်။

လူသားအစမှာ ကျွန်တော်တို့လူသားများလိုဖြစ်လာနိုင်တဲ့ လူသားမျိုးစိတ် (၇) မျိုးခန့်ထိရှိခဲ့ပါတယ်။ သူတို့ကတော့

  • Homo Heidelbergensis
  • Homo Rudolfensis
  • Homo Habilis
  • Homo Floresiensis
  • Homo Erectus
  • Homo Neanderthalensis
  • Homo Sapiens

တို့ပဲဖြစ်ပါတယ်။ ဒီထဲမှာမှ နောက်ဆုံးကျန်ရစ်ခဲ့တာတော့ ကျွန်တော်တို့မျက်မှောက်ခေတ်လူသားများဖြစ်တဲ့ Homo Sapiens တို့ပဲဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ တခြားအမွေးအမှင်ပါတဲ့ ချင်ပန်ဇီများ၊ မျောက်များထက် ပိုပြီးဖွံ့ဖြိုးကြတဲ့မျိုးစိတ်ဖြစ်တယ်လို့ပြောရင်တော့ မှားပါလိမ့်မယ်။ အခု အရမ်းပူနေတဲ့ရန်ကုန်ရာသီဥတုလိုမျိုး၊ ကန္တာရထဲမှာဝတ်လစ်စလစ်နဲ့နေကြစတမ်းဆိုရင် ရှင်သန်မယ့်မျိုးစိတ်ဟာ အမွေးအမှင်ပါတဲ့ မျောက်များ သာဖြစ်ပါလိမ့်မယ်။

မျိုးစိတ်များဆင့်ကဲပြောင်းလဲခြင်းဟာ မျိုးစိတ်တိုင်း မျိုးစိတ်တိုင်းမှာ အချိန်တိုင်းဖြစ်နေပါတယ်။ ကျွန်တော်တို့အခုမျက်မောက်လူသားများဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃) သိန်းခန့်ကစတင်ပြီး အခုလိုအသွင်အပြင်ဖြစ်လာခဲ့ကြတယ်လို့ ပညာရှင်များကဆိုပါတယ်။ လူသားတို့မှတ်တမ်းတင်ထားတဲ့ လူ့အဖွဲ့အစည်း သမိုင်းဟာ နှစ်ပေါင်း (၆၀၀၀) စာလောက်သာရှိသေးတဲ့အတွက် နှစ်ပေါင်း (၄.၈) ဘီလီယံရှိတဲ့ ကမ္ဘာကြီးရဲ့သက်တမ်းနဲ့ယှဉ်ရင် အလွန်ကို သေးငယ်လှသလို နှစ်ပေါင်း (၆) သန်းခန့်ရှိတဲ့ homo မျိုးစိတ်တို့သမိုင်းမှာလည်း သေးငယ်လှပါတယ်။

မျိုးစိတ်ပြောင်းလဲခြင်း၊ မျိုးထွန်းခြင်း(mutation) တို့ဟာ ကျွန်တော်တို့ကနေ နောက်မျိုးဆက်များကို လက်ဆင့်ကမ်းသွားမှာဖြစ်ပါတယ်။ နောင်နှစ်ပေါင်း သိန်းဂဏန်းကြာရင် လူသားများဟာ အခုနဲ့ ပုံသဏ္ဍာန်တူချင်မှလည်းတူပါလိမ့်မယ်။ နောက်ထပ်မျိုးစိတ်ခွဲများ ဖြစ်ပေါ်လာခြင်းလည်း ဖြစ်နိုင်ပါသေးတယ်။

မျိုးစိတ်ပြောင်းလဲခြင်း၊ မျိုးထွန်းခြင်းများဟာ ပတ်ဝန်းကျင်အနေအထားများဖြစ်တဲ့ အစားအစာများ၊ ရာသီဥတုများ၊ social pressures များပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်ကြပါတယ်။ အခုမျက်မှောက်ခေတ်မှာမြင်နေရတဲ့ နို့တိုက်သတ္တဝါများ၊ မျောက်များ၊ ချင်ပန်ဇီများဟာ သူတို့ကျင်လည်ရာပတ်ဝန်းကျင် က သူတို့ရဲ့လက်ရှိအခြေအနေအတိုင်း reproductive success ပေးတဲ့အတွက် ဒီလမ်းကြောင်းအတိုင်း ဆက်လက်တည်ရှိနေကြခြင်းဖြစ်ပါတယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top