ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) နဲ့ ဝန်ကြီးများရုံးတွေကို နိုင်ငံတော်သမ္မတသွားရောက်လေ့လာ

66836977_2265024236878633_961961134003322880_n.jpg

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ ဒီနေ့ ဇူလိုင်လ (၁၈) ရက်၊ မနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်က ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) နဲ့ ဗိုလ်တစ်ထောင်မြို့နယ်က အတွင်းဝန်ရုံး ဟောင်း (ယခင်ဝန်ကြီးများရုံး) တွေကို သွားရောက်ကြည့်ရှုလေ့လာခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့အတူ ဒုတိယသမ္မတများဖြစ်ကြတဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနဲ့ တာဝန်ရှိသူတွေလိုက်ပါခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ဝန်းထဲမှာထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းအသုံးပြုခဲ့တဲ့မော်တော်ယာဉ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ပြည်တွင်းပြည်ပ ခရီးစဉ်မှတ်တမ်းဓာတ်ပုံများ၊ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ်ထုတ်ဝေခဲ့တဲ့ စာပို့ခတံဆိပ်ခေါင်းများ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ စာပို့ခ တံဆိပ်ခေါင်းများ၊ ငွေစက္ကူများနဲ့ ငွေအကြွေစေ့များခင်းကျင်းပြသထားမှု၊ ဗိုလ်ချုပ်အောင်ဆန်းပုံစံတူရုပ်တု၊ ဘုရားခန်း၊ အိပ်ခန်း၊ စာဖတ်ခန်း၊ ဧည့်ခန်းနဲ့ ထမင်းစားခန်းနဲ့ ဗိုလ်ချုပ်ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့ စိုက်ခင်းနေရာနဲ့ရေကန်တွေကို ကြည့်ရှုလေ့လာခဲ့ကြပါတယ်။

အဲဒီနောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ဂါရဝပြုပြီး အတွင်းဝန်ရုံးဟောင်း (ယခင်ဝန်ကြီးများရုံး) ဆီကို ဆက်လက်သွားရောက်ခဲ့ပါတယ်။

ဝန်ကြီးများရုံးဝန်းအတွင်းမှာတော့ အာဇာနည်ခေါင်းဆောင်ကြီးများအထိမ်းအမှတ်ကျောက်တိုင်၊ လွတ်လပ်ရေး မရမီကအသုံးပြုခဲ့တဲ့ တိုင်းပြုပြည်ပြု လွှတ်တော်အဆောက်အဦ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကျဆုံးခဲ့တဲ့အစည်းအဝေးဆောင်တွေကို ကြည့်ရှုလေ့လာခဲ့ကြောင်း သမ္မတရုံးရဲ့သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

Ref: Myanmar President Office
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top