တကယ်လို့ Neil နဲ့ Buzz ဟာ ကမ္ဘာပေါ်ပြန်မလာနိုင်ရင် ဘာလုပ်ဖို့စီစဉ်ထားခဲ့ကြသလဲ

sk-2017_04_article_main_mobile.jpg

အမေရိကန်အာကာသယာဉ်မှူး (၂) ဦးဖြစ်တဲ့ Neil Armstrong နဲ့ Buzz Aldrin တို့ဟာ ၁၉၆၉ ဂျူလိုင် (၂၀) ရက်နေ့မှာ လပေါ်ကို ပထမဆုံးခြေချခဲ့တဲ့လူသားများဖြစ်ခဲ့ပြီး ထိုစဉ်က အမေရိကန်သမ္မတဖြစ်တဲ့ Richard Nixon ဟာ ကမ္ဘာကနေ လဆီကို ကြိုးဖုန်းနဲ့ ပထမဆုံးဖုန်းခေါ်သူတစ်ယောက်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ရုပ်သံကနေတိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ အဆိုပါဖုန်းခေါ်ဆိုမှုမှာဆိုရင် တစ်ကမ္ဘာလုံးဟာ Neil နဲ့ Buzz တို့ရဲ့ လုပ်ရပ်ကိုဂုဏ်ယူနေကြတာဖြစ်ပြီး သူတို့ကြောင့် ကောင်းကင်ဘုံဟာ လူသားတို့ရဲ့ ဒေသအစိတ်အပိုင်း တစ်ခုဖြစ်ခဲ့ပြီလို့ Nixon ကပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ သမ္မတ Nixon ဟာ Neil နဲ့ Buzz တို့ရဲ့ မကြာခင်မှာ မုဆိုးမဖြစ်လာနိုင်ချေရှိတဲ့ အမျိုးသမီးများထံ ဖုန်းဆက်ဖို့ပါပြင်ဆင်ထားခဲ့ပြီးဖြစ်ပါတယ်။

Sea of Tranquility လို့ အမည်ပေးထားတဲ့လပေါ်က အဆိုပါဒေသကို အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပေမဲ့ သူတို့ (၂) ဦးလုံးဟာ အဆိုပါဆင်းသက်ယာဉ်နဲ့အတူတူ အပေါ်မှာစောင့်နေတဲ့ Michael Collins ရှိရာ command module ဆီကို ပြန်ရောက်အောင်သွားဖို့ဆိုတာ သိပ်တော့မသေချာလှပါဘူး။ ကမ္ဘာပေါ်ကို ပြန်ရောက်လာဖို့ဆိုတာကတော့ နောက်တစ်ဆင့်ဖြစ်ပါလိမ့်မယ်။ ဒီလို ကြိုတင်မမြင်နိုင်တဲ့ဖြစ်ရပ်ဆိုးများ ရှိနေနိုင်တာကြောင့် သမ္မတ Nixon ဟာ သူ့ရဲ့ မိန့်ခွန်းရေးဆရာဖြစ်သူ William Safire ကို “လပေါ်ဆင်းသက်စဉ် ကြုံတွေ့ခဲ့ရသောဖြစ်ရပ်ဆိုးကြီး” အမည်နဲ့ နောက်ထပ်မိန့်ခွန်းတစ်ခုကို ပြင်ဆင်ခိုင်းထားခဲ့ပါသေးတယ်။

Meet the Press နဲ့ ၁၉၉၉ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ Safire ရဲ့ ရှင်းပြချက်အရ အဆိုပါ ဆင်းသက်ယာဉ်လေးကနေ လရဲ့ လေထုကောင်းကင်ပေါ်မှာဝဲနေတဲ့ module ဆီကို တည့်တည့်မတ်မတ် ပြန်ရောက်အောင်ထိန်းချုပ်သွားရခြင်းဟာ ဒီ mission တစ်ခုလုံးရဲ့ အခက်ခဲဆုံးအရာထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်လို့ သူတို့ဟာ ဒါကိုမလုပ်နိုင်ဘူးဆိုရင် သူတို့ကို လပေါ်မှာချန်ထားခဲ့ရမှာဖြစ်ပြီး သူတို့ဟာ လပေါ်မှာပဲသေဆုံးကြရမှာဖြစ်တယ်လို့ Safire က ပြောကြားခဲ့ပါတယ်။ Neil နဲ့ Buzz တို့ (၂) ဦးဟာ အစာငတ်ပြီးသေရမလား၊ ကိုယ့်ကိုယ်ကိုယ် သတ်သေရမလား၊ ဒီ (၂) နည်းပဲ ရှိပါတယ်လို့ဆိုပါတယ်။

တကယ်လို့ ဒီအခြေအနေကို ကြုံတွေ့ခဲ့ရပြီဆိုရင် နာဆာဟာ အဆိုပါ အစွန့်ပစ်ခံအာကာသယာဉ်မှူးများနဲ့ အဆက်အသွယ်အားလုံး ဖြတ်တောက်လိုက်မှာဖြစ်ပြီး သမ္မတဟာလည်း ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ကမ္ဘာကြီးအားဖြေရှင်းပြဖို့ အသင့်ပြင်ဆင်ထားရတော့မှာဖြစ်ပါတယ်။

Safire ရေးသားထားတဲ့ ဖြစ်ရပ်ဆိုးအစီအစဉ်ကို Nixon ရဲ့ Chief of Staff ဖြစ်သူ H.R. Haldeman ဆီကို ဂျူလိုင် (၁၈) ၁၉၆၉ မှာ ပေးပို့ခဲ့တာဖြစ်ပြီး အနှစ် (၃၀) အကြာမှာတော့ ပြင်ပမီဒီယာများဆီကို ဝေမျှလာခြင်းဖြစ်ပါတယ်။ အဆိုပါအစီအစဉ်ထဲမှာဆိုရင် ပထမဆုံး သမ္မတလုပ်ရမယ့်အချက်ကတော့ ကျဆုံးလေပြီးသောအာကာသယာဉ်မှူးများရဲ့ မုဆိုးမများထံကိုဖုန်းဆက်ကာ နှစ်သိမ့်စကားပြောကြားရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှ တစ်နိုင်ငံလုံးကိုသတင်းကြေညာတဲ့အနေနဲ့ “လမင်းကြီးဆီကို သွားရောက်လေ့လာဖို့ သွားခဲ့တဲ့သူရဲကောင်းများဟာ လမင်းကြီးပေါ်မှာပဲ ငြိမ်းချမ်းစွာအနားယူသွားဖို့ ကံကြမ္မာက အကြောင်းဖန်လာခဲ့ပြီ” ဆိုပြီးတော့ ပြောဆိုရမှာဖြစ်ပါတယ်။

ဒီရဲရင့်သူများဖြစ်တဲ့ Neil Armstrong နဲ့ Buzz Aldrin တို့ဟာ သူတို့ပြန်လာနိုင်ဖို့အတွက် မျှော်လင့်ချက် မရှိတော့ဘူး ဆိုတာကို သိပြီးဖြစ်ပါတယ်၊ ဒါပေမယ့် သူတို့စတေးလိုက်ရတဲ့အတွက် လူသားတို့ရဲ့ လေ့လာမှုများမှာ မျှော်လင့်ချက် ပိုမိုရှင်သန်လာမယ်လို့ယုံကြည်နေကြပါတယ် လို့ အဆိုပါမိန့်ခွန်းထဲမှာပါဝင်ပါတယ်။

ဒါကြောင့် လူတိုင်းလူတိုင်း ညအခါ ကောင်းကင်ပေါ်က လမင်းကြီးကိုမော့ကြည့်မိတဲ့အခါမှာ အဆိုပါလမင်းကြီးရဲ့ တစ်ထောင့်တစ်နေရာမှာ လူသားတို့ရှိနေတယ်ဆိုတာကို သတိရပေးကြပါလို့ မိန့်ခွန်းမှာ နိဂုံးချုပ်ထားတာ တွေ့ရပါတယ်။ ပြီးတော့ သူတို့ရဲ့ဈာပနကို ဘာသာရေးနဲ့အညီ သမုဒ္ဒရာအတွင်းမှာပြုလုပ်သွားမှာဖြစ်ပြီး သူတို့ရဲ့ soul များကို ကမ္ဘာ့အနက်ရှိုင်းဆုံးနေရာမှာ မြှုပ်နှံသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ဆင်းသက်ယာဉ်လေးကိုမောင်းနှင်နေစဉ်မှာ သူတို့ဟာ circuit breaker ကို အမှားအယွင်းဖြစ်စေခဲ့ပြီး အင်ဂျင်ကို အနည်းငယ်ယိမ်းယိုင်စေခဲ့ရုံကလွဲလို့ Neil နဲ့ Buzz တို့ဟာ အပေါ်မှာစောင့်နေတဲ့ Michael Collins ဆီကို အောင်မြင်စွာရောက်အောင်သွားနိုင်ခဲ့ပြီးတော့ ကမ္ဘာဆီလည်း ဘေးအန္တရာယ်မရှိပဲပြန်လာနိုင်ခဲ့ကြပါတယ်။ ဒါကြောင့် သမ္မတဟာ အဆိုပါဖြစ်ရပ်ဆိုးကြီးမိန့်ခွန်းစာအိတ်ကို စိတ်ချမ်းသာစွာနဲ့ လုံးဝမဖွင့်ခဲ့ရပါဘူး။ အဆိုပါ ဖြစ်ရပ်ဆိုးကြီး မိန့်ခွန်းအပြည့်အစုံကို Richard Nixon Presidential Library and Museum မှာတင်ပြထားပြီး အောက်မှာဖတ်ရှုနိုင်ပါတယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top