ဆိုင်ကယ်ပေါ်မှ ပြုတ်ကျခဲ့တဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ အခြေအနေစိုးရိမ်စရာမရှိ

yyl-18-008.jpg

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက သမ္မတအိမ်တော်ဝင်းထဲမှာ ဆိုင်ကယ်ပတ်စီးနေတုန်း ပြုတ်ကျခဲ့တဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ ကျန်းမာရေးအခြေအနေက စိုးရိမ်စရာမရှိဘူးလို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ အသက်(၇၄)နှစ်အရွယ်ရှိပေမဲ့ ဆိုင်ကယ်စီးရတာကို ဝါသနာထုံတဲ့ ဒူတာတေးဟာ အရင်တုန်းကလည်း ဆိုင်ကယ်စီးရာကနေ ဇက်မှာ သေရာပါ အာရုံကြောဒဏ်ရာရခဲ့ပြီး ခေါင်းတစ်ခြမ်းကိုက်တဲ့ဝေဒနာကို ထပ်ဖန်တလဲလဲ ခံစားခဲ့ရသူပါ။

” သမ္မတဒူတာတေးရဲ့ ကျန်းမာရေးအခြေအနေက စိတ်ချရပါတယ်။ ကျန်းမာရေးကောင်းကောင်းမွန်မွန်ပါပဲ”လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပါနယ်လိုက ပြောပါတယ်။ ဒူတာတေးဟာ ဆိုင်ကယ်စီးနေတုန်း ဖိနပ်လှမ်းကောက်ရာမှာ ဆိုင်ကယ်ပေါ်ကနေ ပြုတ်ကျခဲ့လို့ တံတောင်ဆစ်နဲ့ ဒူးမှာ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဒူတာတေးရဲ့ အရင်းနှီးဆုံး အပေါင်းအဖော်တစ်ဦးဖြစ်တဲ့ အထက်လွှတ်တော်အမတ် ခရစ္စတိုဖာဂိုးရဲ့ ပြောကြားချက်ကတော့ ပါနယ်လိုနဲ့ မတူပါဘူး။ ဒူတာတေးက ဆိုင်ကယ်ကို ကွေ့လိုက်ချိန်မှာ ဆိုင်ကယ်ပေါ်ကနေ ပြုတ်ကျပြီး တင်ပါးဒဏ်ရာရခဲ့တာလို့ ခရစ္စတိုဖာဂိုးက ဆိုပါတယ်။

ဒူတာတေးဟာ အခုလအစောပိုင်းက ရုရှားနိုင်ငံမှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေနဲ့ တွေ့ဆုံရာမှာ နာတာရှည်အာရုံကြောကြွက်သား ကစဉ့်ကလျားဝေဒနာ ခံစားနေရတယ်လို့ ပြောခဲ့တာကြောင့် သူ့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ သူ့ရဲ့မျက်ခွံတစ်ဖက် တွဲကျနေတာ အဲဒီဝေဒနာကြောင့်လို့ ဒူတာတေးက ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top