မန်ယူ လူငယ်တွေထက် ချဲလ်ဆီးလူငယ်တွေက ပိုကောင်းတယ်ဆိုတဲ့ နည်းပြဆိုးလ်ရှား

yyl-30-008.jpg

စတန်းဖို့ဒ်ဘရစ်ကွင်းမှာ ကစားရမယ့် ကာရာဘောင်းဖလားပွဲစဉ် မတိုင်ခင် ချဲလ်ဆီးအသင်း လူငယ်တွေက မန်ယူလူငယ်တွေထက် ပိုကောင်းနေတယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ချီးကျူးခဲ့ပါတယ်။ မန်ယူနည်းပြ ဆိုးလ်ရှားနဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်တို့ (၂)ယောက်လုံးဟာ ဒီရာသီမှာ လူငယ်တွေကို အဓိကအာရုံစိုက်ခဲ့ကြပါတယ်။ အပြောင်းအရွှေ့ ဈေးကွက်မှာ ကစားသမား ခေါ်ယူခွင့် ပိတ်ပင်ခံထားရတဲ့ ချဲလ်ဆီးဟာ အေဘရာဟမ်၊ မေဆင်မောင့်၊ တိုမိုရီ စတဲ့ ကစားသမားတွေကို ပုံမှန်ပွဲထွက် ကစားသမားအဖြစ် အသုံးပြုနေပြီး ဒီလူငယ်တွေကလည်း ခြေစွမ်းပြနေပါတယ်။

အေဘရာဟမ်နဲ့ မေဆင်မောင့်တို့ဟာ ပြီးခဲ့တဲ့ရာသီတွေက တခြားအသင်းတွေကို အငှားသွားရောက်ကစားတုန်းက ပထမအသင်းမှာ ကစားခွင့်ရတဲ့ အတွေ့အကြုံရှိခဲ့ပါတယ်။ ချဲလ်ဆီးက အရမ်းစိတ်လှုပ်ရှားစရာ ကောင်းတဲ့အသင်းပါ။ ”ဖရန့်(လမ်းပတ်)ရဲ့    ကစားသမားတွေက   ချန်ပီယံရှစ်မှာ တစ်ရာသီ ဒါမှမဟုတ်   နှစ်ရာသီလောက် အငှားသွားကစားခဲ့သူတွေပါ။ ကျွန်တော့် ကစားသမားတွေကတော့ အခုမှ အသင်းကြီးထဲ ပါဝင်လာသူတွေပါ။ ဒါက ကွာခြားချက်ပါ။ နောက်ဆုံးကစားခဲ့တဲ့ပွဲတွေကို တွန်ဇီဘီ လွဲချော်ခဲ့တယ်။ ပြီးခဲ့တဲ့ရာသီမှာ သူ့ကို ဗီလာအသင်းထံ အငှားချခဲ့တယ်။ အဲဒီအကျိုးကျေးဇူးကို ခင်ဗျားတို့ မြင်ရမှာပါ။ အခုအချိန်မှာ ချဲလ်ဆီးလူငယ်တွေ အဲဒီအကျိုးကျေးဇူး ခံစားနေရပါပြီ။ သူတို့က ရင့်ကျက်တဲ့ လူငယ်အသင်း ဖြစ်နေပါပြီ”လို့ ဆိုးလ်ရှားက ပြောပါတယ်။

ဒီရာသီ အစပိုင်းမှာ မန်ယူအသင်း ရုန်းကန်နေရတဲ့အတွက် ဂရင်းဝုဒ်၊ တာဟစ်ချောင်၊ အန်ဂျယ်ဂိုမက်စ်၊ ဂျိမ်းစ်ဂါနာ၊ ဘရန်ဒန်ဝီလျံ စတဲ့ လူငယ်ကစားသမားတွေကို ပထမအသင်းမှာ ရွေးချယ်ဖို့က ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေတယ်လို့ ဆိုးလ်ရှားက ဝန်ခံခဲ့ပါတယ်။ မန်ယူဟာ ရာသီအဖွင့်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းကို (၄)ဂိုးပြတ် အနိုင်ရခဲ့ပေမဲ့ ကာရာဘောင်းဖလားပွဲစဉ်ကတော့ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လိမ့်မယ်လို့ ဆိုးလ်ရှားက မှတ်ချက်ပေးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top