မက္ကဆီကိုဂရင်းပရီပြိုင်ပွဲမှာ တိုက်မိမလိုဖြစ်ခဲ့တဲ့ ဖြစ်ရပ်အတွက် ပြိုင်ဘက်ကိုဝေဖန်ခဲ့တဲ့ ဖော်မြူလာဝမ်းကားမောင်းသမား ဟာမီလ်တန်

yyl-30-009.jpg

ပြီးခဲ့တဲ့အားလပ်ရက်က   ကျင်းပခဲ့တဲ့    မက္ကဆီကိုဂရင်းပရီပြိုင်ပွဲမှာ   ပြိုင်ကားနှစ်စီး   တိုက်မိမလိုဖြစ်ခဲ့တဲ့  ဖြစ်ရပ်အတွက် ဗြိတိန်ကားမောင်းသမား ဟာမီလ်တန်က ဟော်လန်ကားမောင်းသမား ဗာစတက်ပန်ကို မိုက်ကန်းသူလို့ ဝေဖန်ခဲ့ပါတယ်။ ဒုတိယအဆင့် လက်ရည်စစ်ပွဲ နောက်ဆုံးစက္ကန့်အပိုင်းအခြားမှာ အလံဝါပြထားပေမဲ့ ဗာစတက်ပန်က အချိန်မလျှော့ခဲ့ပါဘူး။ အဲဒီအတွက် ဟာမီလ်တန်ရဲ့ကားနဲ့ ငြိမိခဲ့ပါတယ်။

အသက်(၂၂)နှစ်အရွယ်ရှိတဲ့ ရက်ဘူးလ်အသင်း ကားမောင်းသမား ဗာစတက်ပန်ဟာ ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ စိန်ရိုင်းတစ်ပွင့်လို့ သတ်မှတ်ခံထားရပြီး ပြိုင်ဘက် ကားမောင်းသမားတွေက     သူ့ကို သတိထားနေကြပါတယ်။   ဗာစတက်ပန်ကို တခြား ကားမောင်းသမားတွေနဲ့ မတူတဲ့ပုံစံမျိုး ချဉ်းကပ်သလားလို့ မေးမြန်းရာမှာ ဟာမီလ်တန်က ”အာ. . .ဟုတ်ပါတယ်။ ကားမောင်းသမားတိုင်း မတူကြပါဘူး။ တချို့က ပါးနပ်တယ်။ ပြိုင်ဆိုင်လိုစိတ်ပြင်းတယ်။ တချို့ကျတော့လည်း မိုက်ကန်းပါတယ်။

ပြိုင်ကားမောင်းလာတဲ့ အတွေ့အကြုံအရဆိုရင် မိုက်ကန်းတဲ့ ကားမောင်းသမားတွေကို နေရာလွတ် ပိုပေးဖို့လိုတယ်။ တခြားသူတွေကို နေရာလွတ်များများ ပေးစရာမလိုဘူး။ မက်စ်(ဗာစတက်ပန်)နဲ့   ယှဉ်မောင်းမယ်ဆိုရင်  သူ့ကို  နေရာလွတ်  ပိုပေးရမယ်။  သူက ဒီလိုကိစ္စမျိုးလုပ်တတ်သူပါ။ တစ်နေရာအရောက်မှာ ကျွန်တော့်ကို သူ ဆောင့်တိုက်လိုက်ပြီလို့ တွေးလိုက်မိသေးတယ်”လို့ ဆိုပါတယ်။

မက္ကဆီကိုဂရင်းပရီပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ဆီဘက်ရှန်ဗက်တယ်ကလည်း ဟာမီလ်တန် ပြောတာကို တစ်လုံးမကျန် ထောက်ခံတယ်လို့ ဆိုပါတယ်။ ဗာစတက်ပန်ဟာ နောက်ပိုင်းမှာ  ဘော့တက်စ်နဲ့  ကားချင်းတိုက်မိခဲ့ပြီး  ကားတာယာတစ်လုံး  ပေါက်သွားခဲ့ပါတယ်။ မက္ကဆီကိုဂရင်းပရီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ဟာမီလ်တန်ဟာ လာမယ့်တနင်္ဂနွေနေ့ကျရင် တက္ကဆက်ပြိုင်ပွဲမှာ အနည်းဆုံးအဆင့်(၈)နေရာ ရပ်တည်နိုင်တာနဲ့ (၆)ကြိမ်မြောက် ချန်ပီယံရှစ်ဆုဖလား ဆွတ်ခူးနိုင်မှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top