ကားရှုပ်တဲ့လမ်းပေါ်က အုတ်ခဲတွေကို ဖယ်ပေးခဲ့တဲ့ ပစ္စည်းပို့သမားကို ကိုယ်တိုင်ဖုန်းခေါ်ပြီး ကျေးဇူးတင်စကားဆိုခဲ့တဲ့ ဒူဘိုင်းအိမ်ရှေ့မင်းသား

4-8-2022-yyl09.jpg

ကိုယ်ပြုလုပ်လိုက်တဲ့ ကောင်းတဲ့လုပ်ရပ်က အသေးအမွှားဖြစ်နေရင်တောင် အဲဒါကို အသိအမှတ်ပြုပေးမယ့်သူ ပေါ်လာတတ်ပါတယ်။ ဒူဘိုင်းက Talabat ပစ္စည်းပို့သမားဆိုရင် သူ့ရဲ့ကောင်းတဲ့လုပ်ရပ်ကြောင့် အိမ်ရှေ့မင်းသားဆီရဲ့အသိအမှတ်ပြုမှုကိုတောင် ရခဲ့တာပါ။ အိမ်ရှေ့မင်းသားဆီက အသိအမှတ်ပြုမှုကို ရလိမ့်မယ်လို့ သူ စိတ်ကူးတောင်ယဉ်မိမှာမဟုတ်ပါဘူး။

ဒူဘိုင်းအိမ်ရှေ့မင်းသား ဟမ်ဒန် ဘင် မိုဟာမက် အယ်လ်မတ်တွန်းက ယာဉ်တိုက်မှုတွေဖြစ်နိုင်တဲ့ ကားရှုပ်တဲ့လမ်းပေါ်က အုတ်ခဲတွေကို ဖယ်ရှားနေတဲ့ ပစ္စည်းပို့သမားတစ်ယောက်ရဲ့ဗီဒီယိုကို “ချီးကျူးသင့်တဲ့ ဒူဘိုင်းက လုပ်ရပ်ကောင်းတစ်ခုပါပဲ။ ဒီအမျိုးသားက ဘယ်သူလဲဆိုတာကို တစ်စုံတစ်ယောက်က ကျွန်တော့်ကို ပြောပြပေးနိုင်မလား”ဆိုတဲ့စာသားနဲ့ မျှဝေခဲ့ပါတယ်။

ပစ္စည်းပို့သမားတစ်ဦးက လမ်းခလယ်ခေါင်မှာ ရှိနေတဲ့ အုတ်ခဲအကြီး (၂) ခုကို ဖယ်ရှားခဲ့တာကို ဗီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။ အဲဒီအမျိုးသားက အုတ်ခဲကြီးတွေကို သွားကောက်ဖို့အတွက် ယာဉ်တွေအားလုံးဖြတ်သန်းသွားပြီးတာကို စောင့်နေခဲ့ပါတယ်။ ယာဉ်တွေ ဖြတ်သွားပြီးတာနဲ့ အဲဒီအုတ်ခဲကြီး (၂) ခုကို မြန်မြန်ကောက်ပြီး လမ်းဘေးမှာ ချထားပေးခဲ့ပါတယ်။

ဒူဘိုင်းအိမ်ရှေ့မင်းသား တင်ခဲ့တဲ့ ပစ္စည်းပို့သမားရဲ့ပုံ

အဲဒီနောက် အိမ်ရှေ့မင်းသား ဟမ်ဒန်က အဲဒီအမျိုးသားကို တွေ့ရှိခဲ့ပြီဆိုတဲ့ တွစ်တာပို့စ်တစ်ခု တင်ခဲ့ပါတယ်။ အဲဒီအမျိုးသားရဲ့ပုံတစ်ပုံနဲ့အတူ “ကျေးဇူးတင်ပါတယ်အက်ဒူလ် ဂါဖို… မင်းက ပြိုင်ဘက်ကင်းတဲ့သူတစ်ယောက်ပါပဲ။ ကျွန်တော်တို့ မကြာခင်တွေ့ဆုံကြမယ်”လို့ ရေးသားခဲ့ပါတယ်။

အိမ်ရှေ့မင်းသားက ပစ္စည်းပို့သမားကို ကျေးဇူးတင်ဖို့အတွက် ကိုယ်တိုင်ဖုန်းခေါ်ခဲ့ပါသေးတယ်။ အိမ်ရှေ့မင်းသားဆီက ကြားခဲ့ရတဲ့အရာတွေကို မယုံနိုင်ဖြစ်ခဲ့ရတယ်လို့ ပစ္စည်းသမား အက်ဒူလ်က ပြောပါတယ်။ “ဒူဘိုင်းအိမ်ရှေ့မင်းသားက ကျွန်တော်လုပ်ခဲ့တဲ့ အရာအတွက် ကျွန်တော့်ကို ကျေးဇူးတင်ခဲ့တယ်။ သူ အခု ဒူဘိုင်းမှာ မရှိဘူး။ သူ ပြန်ရောက်ရောက်ချင်း ကျွန်တော့်ကို တွေ့ဆုံမယ်လို့ ကတိပေးခဲ့တယ်”လို့ အက်ဒူလ်က ဆိုပါတယ်။

ဗီဒီယိုကို အိမ်ရှေ့မင်းသား တင်ခဲ့ပြီး မိနစ်ပိုင်းအတွင်းမှာ အက်ဒူလ်က ဒူဘိုင်းရဲတွေဆီကနေ ဖုန်းလက်ခံရရှိခဲ့ပြီး သူ့ကို ဆက်သွယ်လို့ရမယ့်အချက်အလက်တွေအတည်ပြုခဲ့ကာ ဒူဘိုင်းအိမ်ရှေ့မင်းသားက သူ့ကို စကားပြောချင်နေတယ်လို့ အသိပေးခဲ့တာပါ။

Talabat ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုကုမ္ပဏီကလည်း အက်ဒူလ်ရဲ့လုပ်ရပ်အတွက် သားဖြစ်သူနဲ့အတူ တွေ့ဆုံနိုင်ဖို့အတွက် ပါကစ္စတန်က အိမ်ကိုအလည်သွားဖို့ လေယာဉ်လက်မှတ်တစ်စောင် ဆုချခဲ့ပါတယ်။ ပါကစ္စတန်ကို ဘယ်တော့သွားမှာလဲလို့ မေးတော့ အက်ဒူလ်က “အိမ်ရှေ့မင်းသားနဲ့ တွေ့ပြီးမှပဲ သွားမှာပါ”တဲ့။

ဒူဘိုင်းအိမ်ရှေ့မင်းသားတင်ထားတဲ့ ပစ္စည်းပို့သမားရဲ့ဗီဒီယိုကြည့်ရှုရန်

Ref: Dubai Crown Prince Praises Food Delivery Agent Who Removed Bricks From Busy Road, Calls Him To Say ‘Thank You’

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top