တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းရဲ့ ၁၂ မိုင်အတွင်း ကျည်အစစ်တွေသုံးပြီး စစ်ရေးလေ့ကျင့်မှု အကြီးအကျယ် လုပ်နေ

4-8-2022-yyl01.jpg

တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းနားမှာ ကျည်အစစ်တွေ သုံးပြီး စစ်ရေးလေ့ကျင့်မှု အကြီးအကျယ် လုပ်နေပါပြီ။ ၄ ရက်ကြာ စစ်ရေးလေ့ကျင့်မှုတွေလုပ်ဖို့ မဝင်ရဇုန် ၆ ခု သတ်မှတ်ထားတဲ့အနက် ဇုန် ၃ ခုက ထိုင်ဝမ်ကျွန်းကနေ ၁၂ မိုင်အတွင်း (နိုင်ငံတကာဥပဒေအရ ထိုင်ဝမ်ရေပိုင်နက်အဖြစ် သတ်မှတ်) ကျရောက်နေပါတယ်။ ဒါဟာ မကြုံစဖူးဖြစ်ရပ်ပါပဲ။ ဒီလုပ်ရပ်က ကုလသမဂ္ဂသဘောတူညီချက်ကို ချိုးဖောက်ရာရောက်ပြီး ထိုင်ဝမ်ကို လေကြောင်း၊ ရေကြောင်း ပိတ်ဆို့မှုလုပ်တာ ဖြစ်တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ တရုတ်နိုင်ငံက ထိုင်ဝမရဲ့ လေကြောင်းကာကွယ်ရေး ပိုင်းခြားမှုဇုန်ထဲကို စစ်လေယာဉ် ၂၇ စင်း စေလွှတ်ခဲ့ပြီး လေယာဉ် ၂၂ စင်းက ထိုင်ဝမ်ရေလက်ကြားရဲ့ ကြားခံစည်းကို ဖြတ်ကျော် ဝင်ရောက်ခဲ့ပါတယ်။ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စစီပါလော့စီက ထိုင်ဝမ်ခရီးစဉ် လာရောက်ခဲ့ပြီးနောက်မှာ တရုတ်နိုင်ငံက အခုလို တုံ့ပြန်ခဲ့တာပါ။ လက်ရှိစစ်ရေးလေ့ကျင့်မှုတွေဟာ ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်ပါတယ်။

အသွားအလာများတဲ့ ရေလမ်းကြောင်းမှာ စစ်ရေးလေ့ကျင့်တာဖြစ်ပြီး တာဝေးပစ် ကျည်အစစ်တွေ အသုံးပြုမှာဖြစ်လို့ သင်္ဘောတွေအနေနဲ့ တခြားလမ်းကြောင်းကနေ သွားကြဖို့ ထိုင်ဝမ်က ထုတ်ပြန်ထားပြီး အစားထိုးလမ်းကြောင်း ရှာဖွေဖို့အတွက် ဂျပန်၊ ဖိလစ်ပိုင်နိုင်ငံတွေနဲ့ ဆွေးနွေးနေပါတယ်။

အခုတစ်ပတ်အစောပိုင်းက ထိုင်ဝမ်အစိုးရဝက်ဘ်ဆိုက်တွေ ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရတဲ့အပြင် အခုနောက်ဆုံး ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ပါ တိုက်ခိုက်ခံခဲ့ရပါတယ်။တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုဇုန်တွေဟာ သူတို့ရဲ့အထူးစီးပွားရေးဇုန်ထဲ ကျရောက်နေတယ်လို့ ဂျပန်နိုင်ငံက ကြေညာခဲ့ပြီး ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ စေ့စပ်ဆွေးနွေးကာ ငြိမ်းချမ်းစွာ အဖြေရှာဖို့လည်း ဂျပန်အစိုးရအဖွဲ့ဝန်ကြီး မတ်ဆုနိုက တိုက်တွန်းခဲ့ပါတယ်။

Ref: China gears up for military drills after Pelosi visit to Taiwan

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top