တော၊ တောင်တွေထဲက မြေမြုပ်မိုင်းအန္တရာယ်

7-7-2021-yyl-04.jpg

စစ်ဖြစ်ပွားခဲ့တဲ့ (သို့မဟုတ်) စစ်ဖြစ်ပွားနေတဲ့ နေရာ၊ ပတ်ဝန်းကျင်မျိုးတွေမှာ မြေမြှုပ်မိုင်းအန္တရာယ်ကို ကြုံတွေ့ရတတ်ပါတယ်။ မြေမြုပ်မိုင်း (နင်းမိုင်း) တွေကို သတ္တု (ဒါမှမဟုတ်) ပလတ်စတစ်နဲ့ ပြုလုပ်နိုင်ပါတယ်။ ခြုံနွယ်ထူထပ်တဲ့နေရာတွေ၊ လမ်းဟောင်းတွေ၊ လမ်းဆုံလမ်းခွတွေ၊ လမ်းဘေးနေရာတွေ၊ တံတားတွေ၊ ရေအရင်းအမြစ်ရနိုင်တဲ့ နေရာတွေရဲ့ မြေမျက်နှာပြင်အောက်မှာ အသေအချာ မြုပ်ပြီး ထောင်ထားတတ်ကြပါတယ်။

အဲဒီမြေမြုပ်မိုင်းတွေအပေါ်ကို တစ်စုံတစ်ဦးက တက်နင်းမိတဲ့အခါမှာဖြစ်စေ၊ ပြင်ပက ဖိအား တစ်စုံတစ်ရာ သက်ရောက်တဲ့အခါမျိုးမှာဖြစ်စေ ပေါက်ကွဲနိုင်ပါတယ်။

ပေါက်ကွဲပြီးနောက် ကြုံတွေနိုင်တဲ့ အန္တရာယ်များ

  • လူကို အသက်သေစေနိုင်ပါတယ်။ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရစေနိုင်ပါတယ်။
  • လက်တစ်ဖက် (သို့) လက်နှစ်ဖက်လုံး ဆုံးရှုံးသွားနိုင်ပါတယ်။
  • ခြေတစ်ဖက် (သို့) ခြေနှစ်ဖက်လုံး ဆုံးရှုံးသွားနိုင်ပါတယ်။
  • ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဒဏ်ရာ ရခဲ့မယ်ဆိုရင် သွားလာလှုပ်ရှားမှုမှာ အခက်အခဲ ဖြစ်စေနိုင်သလို အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေလည်း ဆက်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။
  • ဆိုးရွားတဲ့ ပေါက်ကွဲမှုရဲ့ အကျိုးဆက်အဖြစ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရစေနိုင်ပါတယ်။

မိုင်းအန္တရာယ် ရှိနိုင်တဲ့နေရာနဲ့ အန္တရာယ် မရှိတဲ့နေရာတွေဟာ ယေဘုယျအနေနဲ့ သိပ်မကွာခြားလှပါဘူး။ မိုင်းတွေကို မြေအောက်မှာ၊ မြက်ပင်ရှည်တွေအောက်မှာ စတဲ့နေရာတွေမှာ မြုပ်ထားတတ်တတ်တဲ့အတွက် အလွယ်တကူ မမြင်တွေ့နိုင်ပါဘူး။ ဒါပေမယ့် ဒီနေရာတွေမှာ မိုင်းရှိနိုင်တယ်ဆိုတဲ့ အခြေအနေကို ဖော်ပြနေတဲ့ သဲလွန်စတွေ ရှိနေတတ်ပါတယ်။

သတိပေး သဲလွန်စ၊ အမှတ်အသားများ

  • မိုးရေတိုက်စားလို့ပဲဖြစ်ဖြစ် တစ်ပိုင်းတစ်စ ပေါ်နေတဲ့ မိုင်းတွေ (သို့) သေဆုံးနေတဲ့ တိရစ္ဆာန်ရုပ်ကြွင်းတွေ ရှိမယ်။
  • ဖျူးစ်လို့ ခေါ်တဲ့ စနက်တံတွေ၊ မိုင်းတွေကို ထုပ်ပိုးတဲ့ ဘူးခွံ ဒါမှမဟုတ် စက္ကူ‌တွေ၊ မိုင်းနဲ့ ဆက်စပ်တဲ့ လုံခြုံရေးခလုတ်တွေ မြေပြင်ပေါ်မှာ တွေ့ရမယ်။
    -ချုံနွယ်တွေရဲ့ အနေအထား နည်းနည်း ပြောင်းလဲနေမယ်၊ မြေမျက်နှာပြင်က မို့မောက်နေမယ် (သို့) ချိုင့်ဝင်နေမယ်။

နိုင်ငံတကာသုံး အသိပေး အမှတ်အသားနမူနာများ

  • အနီရောင်အောက်ခံမှာ အဖြူရောင် လူရိုးခေါင်းနဲ့ အရိုးချောင်းနှစ်ချောင်း ကြက်ခြေခတ်ပုံစံ ပြုလုပ်ထားပါတယ်။ အဝါနဲ့ အနက်ရောင်ကိုလည်း တစ်ခါတစ်ရံ သုံးကြတာ ရှိပါတယ်။ ‘မိုင်းအန္တရာယ်ရှိသည်’ ဆိုတဲ့ စာတန်းလည်း ပါရှိပါတယ်။
  • ‘မိုင်း (သို့) ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ’ ဆိုတာကို အင်္ဂလိပ်ဘာသာ (သို့မဟုတ်) ဒေသဆိုင်ရာ ဘာသာစကားနဲ့ဖြစ်စေ၊ နှစ်မျိုးလုံးနဲ့ဖြစ်စေ ရေးထိုးထားတတ်ကြပါတယ်။

မိုင်းထောင်သူတွေဟာ အများအားဖြင့် အန္တရာယ် သတိပေး အမှတ်အသားတွေ ချန်လေ့ မရှိပါဘူး။ ဒီလို အမှတ်အသား ချန်ထားနိုင်တာကတော့ ကိုယ် စတွေ့ခဲ့တဲ့ မိုင်းသဲလွန်စ ရှိရာနေရာတွေကို တခြားသူတွေလည်း သတိပြုရှောင်ကွင်းသွားစေဖို့ ဒေသခံအချင်းချင်း သတိပေးသင့်ပါတယ်။ အကယ်လိုများ မိမိ မရောက်ဖူးတဲ့ နေရာသစ်ကို သွားလာရတော့မယ်ဆိုရင်၊ အဲဒီအရပ်ဒေသဟာလည်း မိုင်း အန္တရာယ် ရှိနိုင်တဲ့ အရပ် ဖြစ်နေတယ်ဆိုရင် ဒေသခံတွေကို သူတို့တွေ အသုံးပြုကြတဲ့ အန္တရာယ်သတိပေး အမှတ်သားတွေအကြောင်း မေးမြန်းထားတာဟာ အကောင်းဆုံး နည်းလမ်းပါပဲ။

မိမိအနေနဲ့ အန္တရာယ် ရှိနိုင်တဲ့ နယ်မြေထဲကို ဖြတ်သန်း သွားလာနေတဲ့အချိန်မျိုးတွေမှာ လမ်းကို ပိတ်ဆို့ထားတဲ့ အရံအတားတွေကို ဖြတ်ကျော်သွားတာမျိုး မလုပ်ရပါဘူး။ တကယ်လို့ သတိပေး အမှတ်အသား တစ်စုံတစ်ရာ မတွေ့ခဲ့ဘူးဆိုရင်တောင် မိုင်း အန္တရာယ် ရှိနိုင်တဲ့ အရပ်ဒေသမှာ သွားလာနေရချိန်အတွင်း သတိရှိရှိ နေထိုင်၊ သွားလာသင့်ပါတယ်။

Photo- Internet
Source- Save the Children
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top