ရိုက်ကွင်းမှာ အောက်ပိုင်းအကြောသေသွားခဲ့တဲ့ သူ့ရဲ့စတန့်သမားအကြောင်း မှတ်တမ်းရုပ်ရှင် ထုတ်လုပ်ထားတဲ့ ဒန်နီရယ် ရက်ကလစ်ဖ်

27.10.23-yyl-1.jpg

ဟယ်ရီပေါ်တာအဖြစ် နာမည်ကြီးတဲ့ ဒန်နီရယ် ရက်ကလစ်ဖ်ဟာ ရိုက်ကွင်းမှာ အကြောသေသွားတဲ့ စတန့်သမားဒေးဗစ်ဟုမ်းစ်အကြောင်း မှတ်တမ်းရုပ်ရှင်ထုတ်လုပ်ထားပါတယ်။ ဒေးဗစ်ဟုမ်းစ်က ဒန်နီရယ်နဲ့အတူ ဟယ်ရီပေါ်တာစီးရီးတွေမှာ အနီးကပ်အတူရိုက်ကူးခဲ့ရတာပါ။ ဒေးဗစ်ဟုမ်းစ်က ၂၀၀၉ ခုနှစ် ဇန်နဝါရီမှာ The Deathly Hollows: Part 1 ရိုက်ကူးစဉ် စတန့်ဇာတ်ဝင်ခန်းအစမ်းလေ့ကျင့်တဲ့အချိန် ကျောရိုးထိခိုက်ဒဏ်ရာရပြီး အကြောသေသွားခဲ့ရတာပါ။

ဒန်နီရယ်နဲ့အတူ မှတ်တမ်းရုပ်ရှင်ရိုက်ကူးထားတယ်ဆိုတာကို ဒေးဗစ်ဟုမ်းစ်က သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေတဆင့် ကြေညာခဲ့တာပါ။ ‘David Holmes: The Boy Who Lived’အမည်ရတဲ့ HBO မှတ်တမ်းရုပ်ရှင်ဖြစ်မြောက်ဖို့ ၄ နှစ်အချိန်ယူခဲ့ရပြီး သူတို့နှစ်ဦးရဲ့အင်တာဗျူးတွေအပြင် ဒေးဗစ်ရဲ့စတန့်ဗီဒီယိုပြကွက်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

“စတန့်သမားတစ်ယောက်ဖြစ်ရတာက ကျွန်တော့်ဘဝရဲ့အသက်မွေးပညာဖြစ်ခဲ့တာပါ။ ဟယ်ရီပေါ်တာစတန့်သမားလုပ်ခဲ့ရတာက ကမ္ဘာပေါ်မှာ အကောင်းဆုံးအလုပ်ပါပဲ။ ၂၀၀၉ ခုနှစ် ဇန်နဝါရီမှာ ကျွန်တော့်ဘဝကို ထာဝရပြောင်းလဲသွားစေခဲ့တဲ့ စတန့်လေ့ကျင့်မှုမတော်တဆဖြစ်ခဲ့ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်က ကင်မရာရှေ့ ကျွန်တော်ရဲ့အောင်မြင်မှုတွေသာမက နေ့တိုင်း ရင်ဆိုင်ရတဲ့စိန်ခေါ်မှုတွေနဲ့ လည်ပင်းရိုးကျိုးပြီးနောက် ကျွန်တော့်ရဲ့ဘဝအကြောင်းကိုလည်း ပြောပြပေးမှာပါ”လို့ ဒေးဗစ်က အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

ဒေးဗစ်က သူ့ကို ပံ့ပိုးကူညီပေးခဲ့တဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအပြင် ဟယ်ရီပေါ်တာစာရေးဆရာမ ဂျေ ကေ ရိုးလင်းနဲ့ ဒန်နီရယ် ရက်ကလစ်ဖ်တို့ကိုလည်း ကျေးဇူးတင်ခဲ့ပါတယ်။ သူနဲ့ဒန်နီရယ်တို့နှစ်ဦးစလုံးက Harry Potter ဇာတ်ကားတွေရိုက်ကူးခဲ့တုန်းကအချိန်တွေနဲ့ ကမ္ဘာ့တစ်ဝှမ်းက ပရိသတ်တွေကို ဒီဇာတ်ကားက ယူဆောင်လာပေးတဲ့ ပျော်ရွှင်မှုနဲ့ နှစ်သိမ့်မှုတွေအတွက် ဂုဏ်ယူမိတယ်လို့လည်း အင်စတာဂရမ်မှာ ရေးသားထားပါတယ်။

‘David Holmes: The Boy Who Lived’ မှတ်တမ်းရုပ်ရှင်က နိုဝင်ဘာလမှာ ထွက်ရှိမှာဖြစ်ပါတယ်။ မင်းသား ဒန်နီရယ် ရက်ကလစ်ဖ်က ဒီမှတ်တမ်းရုပ်ရှင်ကို ထုတ်လုပ်ထားပြီး ဗြိတိန်ဒါရိုက်တာ ဒန် ဟာတလေက ရိုက်ကူးထားပါတယ်။

Ref: Daniel Radcliffe Makes Documentary About His Paralysed ‘Harry Potter’ Stunt Double

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top