တန်ချိန် ၃၀၀၀၀ လေးလံတဲ့ အဆောက်အအုံကို ၉၄၄ ပေ ရွှေ့ပြပြီး ဂင်းနက်စ်စံချိန် တင်ခဲ့ဖူးတဲ့ တရုတ်အင်ဂျင်နီယာများ

25.10.23-yyl-၄-1.jpg

တရုတ်အင်ဂျင်နီယာတွေဟာ တန်ချိန် ၃၀၀၀၀ လေးလံတဲ့ ယာဉ်ရပ်နားစခန်းတစ်ခုကို ၂၈၈ မီတာ ( ၉၄၄ ပေ) ရွှေ့ပြပြီး ဂင်းနက်စ်စံချိန် တင်ခဲ့ဖူးပါတယ်။ ဟူရှီလောင်းယာဉ်ရပ်နားစခန်းဟာ ဖူကျင်းပြည်နယ်၊ ရှားမန်မြို့၊ ကျီမိုင်ခရိုင်မှာ တည်ရှိပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်က ဒေသခံအာဏာပိုင်တွေက မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းအတွက် ဟူရှီလောင်း ယာဉ်ရပ်နားစခန်းကို အခြားလမ်းဆီ ရွှေ့ပြောင်းချင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အင်ဂျင်နီယာတွေက ဟူရှီလောင်း ယာဉ်ရပ်နားစခန်းကို ၉၀ ဒီဂရီလှည့်ဖို့ ဆုံးဖြတ်ခဲ့ပြီး ယာဉ်ရပ်နားစခန်း အပြင်ဘက်ခြမ်းကို ၂၈၈ မီတာရွှေ့ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ခရီးသည်တင် Boeing 737 လေယာဉ်အစင်း ၁၇၀ စာ အလေးချိန်ရှိတဲ့ တန်ချိန် ၃၀၀၀၀ အဆောက်အအုံကို အဲဒီလောက်အကွာအဝေး ရွှေ့ဖို့ဆိုတာ အလွန်ခက်ခဲတဲ့ကိစ္စပါ။

တရုတ်အင်ဂျင်နီယာတွေဟာ ကားချိုင့် (ဂျိုက်) ၅၃၂ ခုကျော် အသုံးပြုကာ ယာဉ်ရပ်နားစခန်း အဆောက်အအုံကို မြေပြင်ကနေ မတင်ရင်း လျှောလမ်းတစ်လျှောက် ရွှေ့လျားစေခဲ့တာပါ။ လူသားကြောင့် အမှားအယွင်း၊ အတိမ်းအစောင်း မဖြစ်စေဖို့အတွက် အင်ဂျင်နီယာတွေဟာ ကားချိုင့်တွေကို နှစ်စု ခွဲခဲ့ပြီး တစ်စုကို ကွန်ပျူတာတွေနဲ့ ထိန်းချုပ်စေခဲ့ပါတယ်။

အဆောက်အအုံကို မတင်ရင်း လျှောလမ်းပေါ်မှာ ရွှေ့လျားသွားစေတဲ့ ပုံစံမျိုး လုပ်ဆောင်တာဖြစ်ပြီး အုပ်စုနှစ်စုလုံး တစ်လှည့်စီ အလုပ်လုပ်ကြပါတယ်။ သူတို့ဟာ တစ်နေ့ကို မီတာ ၂၀ ရွှေ့လျားအောင် အလုပ်လုပ်ကြပြီး ယာဉ်ရပ်နားစခန်း အဆောက်အအုံကို ရက် ၄၀ အတွင်း ၂၈၈ မီတာ ရွှေ့လျားစေခဲ့တာပါ။ ၂၀၁၅ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ဟူရှီလောင်း ယာဉ်ရပ်နားစခန်းဟာ ဆောက်လုပ်စရိတ် အမေရိကန်ဒေါ်လာ ၃၉ သန်း ကုန်ကျခဲ့ပြီး အဆောက်အအုံကို နေရာရွှေ့တဲ့စရိတ်ကတော့ အမေရိကန်ဒေါ်လာ ၇.၅ သန်း ကုန်ကျခဲ့ပါတယ်။

Ref: Chinese Engineers Once Moved a 30,000-Tonne Bus Terminal with Hundreds of Hydraulic Jacks

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top