ရုရှားကျူးကျော်စစ်မှာ မြေပြင်တိုက်ပွဲနည်းတူ ပြင်းထန်နေတဲ့ ဆိုက်ဘာတိုက်ပွဲ

26-3-2022-yyl16.jpg

ရုရှားကျူးကျော်စစ်မှာ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေသလို လူသိနည်းတဲ့ နည်းပညာတိုက်ပွဲကလည်း ပြင်းထန်နေပါတယ်။ ရုရှားနိုင်ငံရဲ့ ပစ်မှတ်တွေကို ဝေမျှပေးတဲ့ တယ်လီဂရမ်ပလက်ဖောင်းပေါ်က ယူကရိန်းနည်းပညာတပ်ဖွဲ့မှာ လူ ၃၁၁၀၀၀ ကျော်အထိ ပါဝင်နေပါတယ်။ အဲဒီအဖွဲ့မှာ ပါဝင်သူအားလုံးက ယူကရိန်းနိုင်ငံသားတွေ မဟုတ်ကြပေမဲ့ တော်တော်များများကတော့ ယူကရိန်းတွေ ဖြစ်ပါတယ်။ရုရှားကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း သူတို့အဖွဲ့က ဆိုက်ဘာတိုက်ခိုက်မှုပေါင်းများစွာ လုပ်နိုင်အောင် ကူညီပေးခဲ့တယ်လို့ ယူကရိန်း ဆော့ဖ်ဝဲအင်ဂျင်နီယာ ဒေ့ဗ်က ပြောပါတယ်။ သူတို့ရဲ့ပစ်မှတ်တွေထဲမှာ ရုရှားအစိုးရဝက်ဘ်ဆိုက်တွေ၊ ဘဏ်တွေ၊ ငွေလဲလှယ်ပေးတဲ့နေရာတွေ ပါဝင်ပါတယ်။

” DDoS တိုက်ခိုက်မှုတွေလုပ်ဖို့ IT Army ကို ကူညီပေးနေပါတယ်။ Google Cloud Platform မှာ ဆာဗာတွေ ငှားပြီး ကျွန်တော့်ဘာသာ bot ရေးတယ်။ bot ပေါ်ကို ဝက်ဘ်ဆိုက်လင့်ခ် ချလိုက်တာနဲ့ တိုက်ခိုက်မှုလုပ်ပါတယ်။ ဆာဗာ ၃ ခုကနေ ၅ ခုသုံးပြီး တိုက်ခိုက်မှုလုပ်လေ့ရှိတယ်။ ဆာဗာတစ်ခုချင်းစီကနေ တစ်စက္ကန့်စီတိုင်းမှာ ဝက်ဘ်ဆိုက်ထဲဝင်ခွင့်ပေးဖို့ တောင်းဆိုမှု ၅၀၀၀၀ နီးပါး ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်” လို့ ဒေ့က ပြောပါတယ်။

DDoS ဆိုတာ သက်ဆိုင်ရာ ဝက်ဘ်ဆိုက်ထဲ ဝင်ကြည့်လို့မရအောင်၊ နှောင့်နှေးအောင် တိုက်ခိုက်မှုမျိုး ဖြစ်ပါတယ်။ တယ်လီဂရမ်ချန်နယ်ကနေ ပစ်မှတ်စာရင်း ရတာနဲ့ ဒေ့က အဲဒီဝက်ဘ်ဆိုက်တွေရဲ့ လင့်ခ်တွေကို Bot ထဲ ထည့်ပြီး တိုက်ခိုက်မှုလုပ်တာပါ။ Bot တစ်ခု ဖန်တီးဖို့ အချိန် ၁ နာရီလောက် ပေးရပါတယ်။

လူတွေအများကြီးက ဆိုက်ဘာတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာဖြစ်လို့ သူ့ရဲ့တိုက်ခိုက်မှုတွေ ဘယ်လောက်အောင်မြင်လဲဆိုတာ ဖြေဖို့ ခက်တယ်၊ ဒါပေမဲ့ စုပေါင်းလုပ်ဆောင်မှုတွေကတော့ သေချာပေါက်အောင်မြင်နေပါတယ်လို့ ဒေ့ဗ်က ဆိုပါတယ်။ ဒေ့ဟာ အမေရိကန်နည်းပညာအကြံပေးလုပ်ငန်းစုမှာ အလုပ်လုပ်နေတဲ့ ယူကရိန်းနိုင်ငံသား ၃၀ ထဲက တစ်ယောက် ဖြစ်ပါတယ်။ ရုရှားကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း သူတို့လုပ်ငန်းစုက ယူကရိန်းဝန်ထမ်းတွေအတွက် ရွေးချယ်ခွင့်အပြည့်အဝ ပေးထားပါတယ်။

ဆော့ဝဲကုမ္ပဏီရဲ့ အရည်အသွေးအာမခံအဖွဲ့မှာ အလုပ်လုပ်တဲ့ အိုလက်စီကတော့ စစ်ဖြစ်နေချိန်အတွင်း အလုပ်ဆက်လုပ်ဖို့၊ စီးပွားရေး ဆက်လည်ပတ်ဖို့ အကောင်းဆုံးကြိုးစားပေမဲ့ ခက်ခဲတယ်လို့ ဆိုပါတယ်။ စစ်ပွဲကာလ အစောပိုင်းမှာ ၂၄ နာရီလုံး လေကြောင်းအချက်ပြသံတွေ မြည်နေပြီး မိသားစုနဲ့ သားသမီးတွေ ဘေးကင်းလုံခြုံရေးအတွက်ပဲ စဉ်းစားနေမိပြီး အလုပ်ထဲ စိတ်နှစ်မရတဲ့ အခြေအနေ ကြုံရတာပါ။ အိုလက်စီဟာ သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို ၂ နာရီလောက်ပဲ လုပ်နိုင်ပြီး ကျန်တဲ့အချိန်တွေမှာတော့ ဆိုက်ဘာစစ်ပွဲမှာ ပါဝင်ကူညီပေးနေပါတယ်။ နေ့စဉ်နေ့တိုင်း ဥရောပနဲ့ အမေရိကန်ဝက်ဘ်ဆိုက် အများအပြားကို ဝင်ရောက်ပြီး ရုရှားနိုင်ငံနဲ့ စီးပွားရေးမလုပ်ဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

အန်တန်လို့ အမည်ရတဲ့ developer တစ်ယောက်ကတော့ ရုရှားနိုင်ငံရဲ့ နာမည်ကျော် ရေနံကုမ္ပဏီ Gazprom၊ ရုရှားဘဏ်(Sberbank)နဲ့ ရုရှားအစိုးရကို DDoS တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ ” လူတွေအများကြီး ဝင်တိုက်တာဆိုတော့ ဝန်ဆောင်မှုတွေ ပြတ်တောက်သွားအောင်လုပ်ဖို့ အချိန်သိပ်မကြာပါဘူး” လို့ အန်တန်က ဆိုပါတယ်။

ဆိုက်ဘာလုံခြုံရေးလုပ်ငန်းစုရဲ့ အမှုဆောင်၊ ပူးတွဲတည်ထောင်သူ နီကီတာကတော့ မက်ဆေ့ဝန်ဆောင်မှု ပလက်ဖောင်းတွေကို အသုံးပြုပြီး ယူကရိန်းနိုင်ငံမှာ ဘာတွေ ဖြစ်နေလဲဆိုတာ ရုရှားနိုင်ငံသားတွေ အမှန်အတိုင်းသိအောင် ကြိုးပမ်းနေပါတယ်။ နီကီတာနဲ့ ဟက်ကာအဖွဲ့ဟာ ရုရှားနိုင်ငံသုံး ခရက်ဒစ်ကတ် အချက်အလက်တွေကို အွန်လိုင်းပေါ်တင်တာမျိုးလည်း လုပ်လေ့ရှိပါတယ်။ အခုအချိန်မှာတော့ ရုရှားနိုင်ငံရဲ့ ဓာတ်ငွေ့အရောင်းဆိုင်တွေကို ပစ်မှတ်ထားနေပါတယ်။ ဒါပေမဲ့ သူက ရုရှားပြည်သူတွေအားလုံးကို မမုန်းဘူး၊ ယူကရိန်းအတွက် ကူညီပေးနေတဲ့ ရုရှားတွေကို ကျေးဇူးတင်တယ်လို့ ဆိုခဲ့ပါတယ်။

ယူကရိန်းဟာ ဥရောပအရှေ့ပိုင်းမှာ ဆော့ဖ်ဝဲရေးဆွဲမှုဆိုင်ရာ အကြီးမားဆုံး အချက်အချာနေရာတစ်ခုဖြစ်ပြီး ယူကရိန်းနိုင်ငံရဲ့ ကုဒ်ရေးသူတွေကလည်း ကမ္ဘာကျော်ပါတယ်။ ဒါပေမဲ့ ရုရှားဘက်မှာလည်း ဟက်ကာတွေ များလို့ ဆိုက်ဘာတိုက်ပွဲကတော့ ပြင်းထန်နေဆဲပါပဲ။ ရုရှားက ကျူးကျော်စစ်ဆင်နွှဲပြီး ပထမဆုံး ၃ ရက်အတွင်း ယူကရိန်းစစ်တပ်နဲ့ အစိုးရကဏ္ဍတွေအပေါ် အွန်လိုင်းတိုက်ခိုက်မှု ၁၉၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ Check Point Research ရဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။ အဲဒီအချက်အလက်တွေအရ ကမ္ဘာ့တခြားနိုင်ငံတွေမှာ ဆိုက်ဘာတိုက်ခိုက်ခံရမှု ကျဆင်းခဲ့ပြီး ရုရှားနိုင်ငံရဲ့ အဖွဲ့အစည်းတွေ ဆိုက်ဘာတိုက်ခိုက်ခံရမှု (၄) ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ယူကရိန်းဘက်မှာတော့ ဝ.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားကျူးကျော်စစ် ၄ ပတ်နီးပါး ကြာမြင့်လာချိန်မှာ ယူကရိန်းဟာ အစိုးရနဲ့ စစ်တပ်အပေါ် ပစ်မှတ်ထားတဲ့ အွန်လိုင်းတိုက်ခိုက်မှုတွေကို ဆက်လက်ရင်ဆိုင်နေရတုန်းပါပဲ။ ဒါပေမဲ့ ရုရှားကတော့ ဆိုက်ဘာစစ်ပွဲ ဆင်နွှဲခြင်းမရှိသလို ဆိုက်ဘာတိုက်ခိုက်မှုတွေကို ကူညီပံ့ပိုးပေးတာမျိုးလည်း မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။

Ref: CNBC “‘We want them to go to the Stone Age’: Ukrainian coders are splitting their time between work and cyber warfare”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top