အဟောင်းဆိုင်ကနေ ဒေါ်လာ ၁၄၀၀၀ နဲ့ ဝယ်ယူလာခဲ့တဲ့ ရတနာဥဟာ တချိန်တုန်းက ရုရှားဘုရင် ပိုင်ဆိုင်တဲ့ တန်ဖိုးကြီးပစ္စည်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၃ သန်းအထိ တန်ကြေးရှိတဲ့ ပစ္စည်း ဖြစ်နေခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှ အမျိုးသားတစ်ဦးဟာ မစ်လန်းမြို့ အဟောင်းဆိုင်ကနေ ရတနာဥကို ဝယ်လာခဲ့ပြီး ရတနာဥ မျက်နှာပြင်မှာ တပ်ဆင်ထားတဲ့ ရွှေနဲ့ ရတနာတွေကို ထုခွဲရောင်းချဖို့ ကြံစည်ခဲ့တာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ ရတနာဥအကြောင်း ဂူဂဲလ်မှာ ရှာကြည့်ရင်း ရတနာဥမှာ ရေးထွင်းထားတဲ့ Vacheron Constantin ဆိုတဲ့ စာသားကို ရိုက်ထည့်လိုက်တဲ့အခါ အံ့အားသင့်သွားခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒီရတနာဥဟာ ဇာဘုရင် အလက်ဇန္ဒား(၃)က မိဖုရားဖြစ်သူ မာရီယာကို အီစတာလက်ဆောင်အဖြစ် ပေးအပ်ခဲ့တဲ့ သမိုင်းဝင်တန်ဖိုးကြီးပစ္စည်းဖြစ်ကြောင်း ရေးသားထားတဲ့ သတင်းတစ်ပုဒ်ကို တွေ့ရှိခဲ့လို့ပါပဲ။
အဲဒီနောက်မှာ သူက ရတနာဥတွေ စမ်းသပ်စစ်ဆေးတဲ့ ပညာရှင် ကီရန်မက္ကာသီဆီ ဆက်သွယ်ခဲ့ပြီး သူ့ရဲ့ရတနာဥကို စစ်ဆေးရာမှာ အစစ်ဖြစ်ကြောင်း အတည်ပြုချက် ရရှိခဲ့ပါတယ်။ ၁၉၀၃ ခုနှစ်ကတည်းက ပျောက်ဆုံးနေတဲ့ ဒီရတနာဥဟာ Fabergé egg အလုံး ၅၀ အနက် တစ်လုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၃ သန်း တန်ကြေးရှိမယ်လို့ ခန့်မှန်းထားပါတယ်။
Ref : Man discovers $33 Million Fabergé Egg hiding in plain sight on his kitchen counter
NZ ( ရိုးရာလေး)