ပင်ဂွင်းခြေရာပန်းချီကားတစ်ချပ်ကို ဖန်တီးရေးဆွဲခဲ့တဲ့ ပင်ဂွင်းလေး

20-6-2022-yyl29.jpg

ကွန်ဝေါ်ကောင်တီက The Cornish Seal Sanctuary ဘေးမဲ့တောမှာ နေထိုင်တဲ့ ပင်ဂွင်းလေးတစ်ကောင်က အရောင်အသွေးစုံလင်လှတဲ့ပင်ဂွင်းခြေရာပန်းချီကားတစ်ချပ်ကို ဖန်တီးခဲ့ပါတယ်။ ပန်းချီဆွဲတာက တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့နဲ့အတူ လုပ်ဆောင်တဲ့ ပင်ဂွင်းလေးရဲ့တစ်နေ့တာလှုပ်ရှားမှုတွေရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။ တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့က ပင်ဂွင်းလေး တက်တက်ကြွကြွရှိဖို့ တွန်းအားပေးကြတဲ့အပြင် သူ့ရဲ့သဘာဝအမူအကျင့်တွေကို ပြသဖို့လည်း အားပေးခဲ့ကြပါတယ်။

ပင်ဂွင်းလေး စကွစ်ဂီ

ပင်ဂွင်းလေးရဲ့အနုပညာလက်ရာကို ဘေးမဲ့တောရဲ့Fund Our Future ကမ်ပိန်းရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ လေလံတင်မှာဖြစ်ပြီး ရန်ပုံငွေ ပေါင် ၁.၃ သန်းရရှိဖို့ မျှော်လင့်ထားပါတယ်။ အဲဒီကရရှိတဲ့ ရန်ပုံငွေတွေကို ဘေးမဲ့တောမှာ ရေကန်အသစ် (၄) ခုနဲ့ ပင်ဂွင်းလေးအတွက်အိမ်အသစ် တည်ဆောက်ဖို့ အသုံးပြုသွားမှာပါ။

စကွစ်ဂီဆိုတဲ့ အဲဒီပင်ဂွင်းလေးက ဘေးမဲ့တောမှာ လွန်ခဲ့တဲ့ ၄ နှစ်က မွေးဖွားခဲ့တာပါ။ သူ့ရဲ့မိဘတွေဖြစ်တဲ့ ဂီဘက်တ် နဲ့လိုလာက ဘေးမဲ့တောမှာ နေထိုင်ပေမဲ့ သူ့ကို ဂရုစိုက်မပေးနိုင်ခဲ့ပါဘူး။ အဲဒါကြောင့် စကွစ်ဂီဟာ သူ့ကို ငယ်ငယ်လေးကတည်းက ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ဘေးမဲ့တောက ဝန်ထမ်းတွေနဲ့ ထူးခြားတဲ့ အနှောင်အဖွဲ့ရှိခဲ့တာပါ။

ပန်းချီရေးဆွဲနေတဲ့ ပင်ဂွင်းလေး

The Cornish Seal Sanctuary က တိရစ္ဆာန်လေးတွေကို စူးစမ်းချင်စိတ်ရှိအောင်၊ တက်တက်ကြွကြွနေအောင် နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ နည်းလမ်းအသစ်တွေ ရှာဖွေပေးနေခဲ့တာပါ။ စကွစ်ဂီနဲ့ ပန်းချီဆွဲတာက လှုပ်ရှားမှုတစ်ခုဖြစ်ပြီး သူ့ရဲ့ပုံမှန်စောင့်ရှောက်မှုလုပ်ရိုးလုပ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ သူ့ရဲ့လှုံ့ဆော်မှုကို မြှင့်တင်ပေးတဲ့နည်းလမ်းတစ်ခုဖြစ်တယ်လို့ တိရစ္ဆာန်စောင့်ရှောက်ရေးကျွမ်းကျင်သူ ပေါလီ ဖရိုက်ယာက ဆိုပါတယ်။

ပင်ဂွင်းလေးရဲ့ပန်းချီလက်ရာ

စကွစ်ဂီကို သူ့ရဲ့အငြိမ်မနေတတ်တဲ့၊ ပျော်ရွှင်မြူးထူးတတ်တဲ့စရိုက်လက္ခဏာတွေကြောင့် လူသိများပြီး ဘေးမဲ့တော လာရောက်တဲ့သူတွေကို အမြဲပျော်ရွှင်စေပါတယ်။ စကွစ်ဂီက တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ပါရမီရှင်ဖြစ်မယ်ဆိုတာ သူတို့အမြဲသိနေခဲ့ပြီး အခုဆို သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးအစစ်အမှန်ကို ပြသလိုက်ပြီလို့ ဘေးမဲ့တောအဖွဲ့ဝင်တွေက အခိုင်အမာဆိုထားပါတယ်။

ပင်ဂွင်းလေးနဲ့အတူ ဘေးမဲ့တောက ဝန်ထမ်း (၂) ဉီး

ပန်းချီဆွဲတဲ့လုပ်ဆောင်ချက်အားလုံးကို လူမှုဖူလုံရေးစစ်ဆေးမှုတွေမှာ အောင်မြင်ထားပြီး ဘေးမဲ့တောရဲ့တိရစ္ဆာန်အထူးကုဆရာဝန်တွေက အပြည့်အဝထောက်ခံပေးထားပါတယ်။ တိရစ္ဆာန်နဲ့ကလေးတွေအတွက် အဆင်ပြေတဲ့၊ အဆိပ်အတောက်ကင်းတဲ့၊ လုံးဝဆေးကြောပစ်လို့ရတဲ့ ထောက်ခံချက်ရရှိပြီးသား ပန်းချီဆေးတွေကို အသုံးပြုခဲ့တာပါ။

Ref: Metro “Squidge the penguin is Cornwall’s next up-and-coming artist”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top