အင်တာနက်ရှိရုံနဲ့ သင် တစ်ပိုင်တစ်နိုင် လုပ်လို့ရတဲ့ အလုပ်တွေ

computer-money.jpg

လူငယ်တွေအနေနဲ့ အချိန်ပိုင်းအလုပ်တွေ လုပ်ချင်ကြပါတယ်။ တချို့ဆိုရင် အချိန်ပိုင်းအလုပ်လုပ်ချင်လွန်းလို့ Multi-level marketing လမ်းကြောင်းကို ရွေးချယ်ရာကနေ လမ်းမှားကို ရောက်ရှိသွားကြ သူတွေ များပါတယ်။ မိမိအတွက် ငွေဝင်စေမယ့် အချိန်အပိုင်းအလုပ်တွေ အများကြီးပါ။ အထူးသဖြင့် အင်တာနက်ရှိရုံနဲ့ လုပ်လို့ရတဲ့အလုပ်တွေ အများကြီးပါပဲ။

ဒါပေမယ့် Click တစ်နေကုန်ထိုင်နှိပ်ပြီး မိမိဘဏ်အကောင့်ထဲ ငွေဝင်မယ်ဆိုတဲ့အလုပ်ကိုတော့ မလုပ်ပါနဲ့။ ဒါဟာ မမှန်ကန်ပါဘူး။ ပညာ မသုံးရပဲ တစ်နေကုန် click ထိုင်ခေါက်ပေးနေရတဲ့ အလုပ်ဟာ အချိန်သာကုန်ပြီး မိမိအတွက် ဘာအကျိုးအမြတ်မှ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်လာမှာ မဟုတ်တာကြောင့် ဖြစ်ပါတယ်။ တစ်ရက်ကို Click ဘယ်နှစ်ချက် ခေါက်ရင် ဒေါ်လာ ဘယ်လောက်ရမယ်ဆိုတာတွေ မလုပ်မိဖို့လည်း လိုအပ်ပါတယ်။ ဒီတော့ အခြား အင်တာနက်ကနေ လုပ်လို့ရတဲ့ အလုပ်များကို ဖော်ပြလိုက်ရ ပါတယ်။

အွန်လိုင်းပေါ်မှာ စာပေ၊ ဆောင်းပါး ရေးခြင်း

နိုင်းနိုင်းစနေ၊ သက်တံ့ချိုနဲ့ အခြားသော ဥပမာပေါင်းများစွာဟာ အွန်လိုင်းပေါ်မှာစာရေးပြီး ငွေရှာနေသူများ ဖြစ်ပါတယ်။ သူတို့အနေနဲ့ကတော့ အားလပ်ချိန်လေးမှာ စာပေ၊ ဆောင်းပါးများ၊ ကဗျာ များ ရေးသားပြီး Blog ပေါ်တင်ရာကနေ လူကြိုက်များရာကနေ ပြင်ပ စာမူများ ရေးသားရန် ဖိတ်ခေါ်ခံရပြီး စာအုပ်စာပေများထုတ်ဝေခြင်းအပြင် အွန်လိုင်းဆိုဒ်တွေမှာပါ ကြော်ငြာရခဲ့ ပါတယ်။ ဒီတော့ အွန်လိုင်းပေါ်မှာ စာရေးတယ်ဆိုတာ နည်းလမ်း နှစ်ခု ရှိပါတယ်။ မိမိရဲ့ ခံစားချက်၊ Personal ပေါ်မှာ အခြေခံပြီး အနုပညာ Blog ဖန်တီးတာမျိုး ရှိသလို၊ သတင်း များကို ဘာသာပြန် ရေးသားခြင်း မျိုး ရှိပါလိမ့်မယ်။ ပြီးတော့ မိမိကိုယ်တိုင် Blog, Facebook Page များကို တည်ထောင်ပြီး ရေးသားမှာလား၊ အများနဲ့ ပူးပေါင်းပြီးတော့ အတူတူရေးဖြစ်မှာလား ဆိုတာလည်း ရွေးချယ်စရာ ရှိပါသေးတယ်။ မန္တလေးက ကွန်ပြူတာကျောင်းပြီးတဲ့ လူငယ်တစ်ယောက်ဆိုရင် သူကိုယ်တိုင် နည်းပညာ ဝဘ်ဆိုဒ်တစ်ခု တည်ထောင်ခဲ့ပြီး နည်းပညာဆိုင်ရာ အချက်အလက်များကို ရေးသားဖော်ပြရာ ဝဘ်ဆိုဒ်ကရတဲ့ငွေနဲ့ စင်္ကာပူမှာ ကျောင်းတက်ဖို့ အများကြီး အထောက်အပံ့ ဖြစ်ခဲ့ပါတယ်။ ဒီတော့ Offline မှာ ရေးတာက စာရေးပြီး ပြီးသွားရုံ ဖြစ်ပေမယ့် အွန်လိုင်းမှာကျ blog ဖန်တီးတတ်ရန်၊ Facebook Page ဖန်တီးတတ်ရန် လိုအပ် ပါတယ်။ ဒါတွေဟာလည်း မခက်ပါဘူး။ မိမိ ကိုယ်တွယ် အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းများနဲ့တင်ကို ပြုလုပ် နိုင်ပါတယ်။ အခြားလူ သို့မဟုတ် အဖွဲ့အစည်းက ပိုင်တဲ့ ဝဘ်ဆိုဒ်တွေအတွက် ရေးသားဖော်ပြပေးခြင်းဖြင့် လခ၊ ငွေကြေး တစ်ခု ယူနိုင်တဲ့အပြင် မိမိကိုယ်တိုင် ဒိုမိန်းတစ်ခုဝယ်၊ Hosting တစ်ခုဝယ်ပြီး ဝဘ်ဆိုဒ်ထောင်လို့ ရေးသားရင်လည်း ဝင်ငွေတစ်ခုရရှိအောင် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ အချိန်တော့ ယူရပါလိမ့်မယ်။ www.blogger.com တို့လိုမှာ ရေးရင်တော့ အခမဲ့ ဖန်တီးပြီး ရေးသားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းတွေ ကြော်ငြာထည့်လာအောင် စွဲဆောင်ဖို့ကတော့ ဒိုမိန်း ဝယ်ဖို့ အကြံပေးပါတယ်။

Facebook Page ဖန်တီး၊ ထိန်းသိမ်းပေးခြင်း

Website Developing လုပ်တယ်ဆိုတာ နည်းပညာ အရည်အချင်း ရှိရန် လိုပေမယ့် Facebook Page ဖန်တီးပြီးတော့ ထိန်းသိမ်းပေးတယ် ဆိုတာ နည်းပညာ အရည်အချင်း မလိုအပ် ပါဘူး။ လူတိုင်း ပြုလုပ်နိုင်ပါတယ်။ မိမိမှာ အွန်လိုင်းပေါ်မှာ စာရေးတတ်တဲ့ အလေ့အထလေး၊ ဓာတ်ပုံလေးတွေ ရှာရှာဖွေဖွေ တင်တတ်တဲ့အလေ့အထလေး ရှိပြီ ဆိုရင်ကို Facebook Page ကို ဖန်တီးပေးခြင်း၊ ထိန်းသိမ်းပေးခြင်းတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ မိမိအနေနဲ့ ကိုယ်တိုင် Page ကို အရင်ဖန်တီးထား။ ပြီးတော့ နီးစပ်ရာ စီးပွားရေး လုပ်ငန်း အသေးစား၊ အကြီးစားတို့ကို ချည်းကပ်ပြီး သူတို့ရဲ့ လုပ်ငန်းကို Facebook ပေါ်မှာ လူသိများအောင် ပြုလုပ်ပေးပါမည် ဖြစ်ကြောင်း လုပ်နိုင်ပါကြောင်း ပြေပါ။ တစ်ရက်ကို Update တစ်ခုလောက်လေး တင်ပေးရုံနဲ့ တစ်လကို ငွေကျပ် ၃ သိန်းဝန်းကျင်လောက် တောင်းနိုင်ပါတယ်။ ကိုယ်ကတော့ ကိုယ့်ရဲ့ စီးပွားရေးလို့ သဘောထားပြီး Facebook ပေါ်မှာ လူကြိုက်များလာအောင်၊ active ဖြစ်အောင် လုပ်ပေးရ မှာပေါ့။

အင်တာနက် မာကဲတင်းလုပ်ပေးခြင်း

အင်တာနက် မာကဲတင်းအနေဖြင့် Google တို့လို Search Engine ပေါ်မှာ ကြော်ငြာဖို့သော် လည်းကောင်း၊ Facebook ပေါ်မှာ ကြော်ငြာဖို့သော် လည်းကောင်း အစရှိသဖြင့် ကိုယ်က သိထား တတ်ထားရင် Visa ကဒ်တို့လိုဟာကို နီးစပ်ရာ ဘဏ်တွေမှာ လုပ်ထားပြီး မိမိကိုယ်တိုင် ငွေကြေးထည့်သွင်းပြီးတော့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ယင်းသို့ ပြုလုပ်လို့ ကျွမ်းကျင်လာတဲ့အခါ ဝန်ဆောင်မှု တစ်ခုအဖြစ် ပေးကြောင်း ကြော်ငြာပြီး လာရောက်လို့ ဝန်ဆောင်မှု တောင်းသူများကို ပေးအပ်နိုင်ပါတယ်။ ယင်း ပညာရပ်ကို သိဖို့ တတ်ဖို့အတွက်လည်း ကျောင်းတက်စရာမလိုပါ။ ကိုယ်တိုင် အွန်လိုင်းပေါ်ကနေ လွယ်တကူ လေ့လာနိုင်မှာ ဖြစ်ပါတယ်။

Graphic Design, 3D ဒီဇိုင်း ရေးဆွဲခြင်း

Photoshop သုံးတတ်ပါသလား။ သင်တန်း မတတ်နိုင်ရင်တောင် မြန်မာလို ရေးထားတဲ့ ဒီဇိုင်းဆွဲနည်း စာအုပ်လေးတွေ ဖတ်ပြီး လေ့ကျင့်ကြည့်ပါ။ သူငယ်ချင်း တစ်ယောက်ဆိုရင် ကိုယ်တိုင် လုပ်ကြည့် စမ်းကြည့်ရာကနေ ပရော်ဖက်ရှင်နယ် Graphic Designer ဖြစ်နေပါပြီ။ သူ့ရဲ့ အချိန်ပိုင်း ဝင်ငွေက နေ့စား အလုပ်ဝင်ငွေထက်တောင် များပြီး လစင် income က ၁၀ သိန်း ကပ်ပါတယ်။ ဒီလိုပဲ ရှာကြံပြီး လုပ်ရာကနေ အဆင်ပြေ အောင်မြင်နေတဲ့ ဒီဇိုင်နာတွေ အများကြီးပါ။ အဲ့လို Story လေးတွေ သိချင်ရင် Photoshop အခက်အခဲ အတူလက်တွဲ ဆိုတဲ့ Facebook Group ထဲမှာ ဝင်လေ့လာ ကြည့်ပါ။ သူတို့ကလည်း လက်တွဲခေါ်သွားပါလိမ့်မယ်။ နောက်တစ်ခုကတော့ အဆင့်မြင့်သွားပါပြီ။ 3D ဒီဇိုင်းပါ။ 3D ဆွဲဖို့အတွက် AutoCad, 3D Max တို့လို Software တွေကို သုံးတတ်ဖို့ လိုအပ် ပါတယ်။ အကယ်၍ သုံးတတ်၊ ဆွဲတတ်ပြီ ဆိုရင်လည်း သူ့ရဲ့ ဝင်ငွေက သာမန် graphic designer တစ်ဦးထပ် ပိုပါလိမ့်မယ်။ ဆောက်လုပ်ရေး ကုမ္ဗဏီများအနေနဲ့ ၎င်းတို့ရဲ့ တိုက် အသစ် အတွက် ပုံဆွဲရန် အပ်တာတို့ ဘာတို့ကို ပြုလုပ်ရင် ဝင်ငွေ အမြောက်အများ ရရှိ နိုင်ပါတယ်။

ဝဘ်ဆိုဒ်တည်ဆောက်ခြင်း

HTML, CSS အပြင် Domain, cPanel အကြောင်းလေး အခြေခံလောက် သိထားရင်၊ သုံးတတ်မယ်ဆိုရင် ဝဘ်ဆိုဒ်ဖန်တီးပေးတဲ့ အလုပ်မျိုးလည်း လုပ်နိုင်ပါတယ်။ မြန်မာပြည်မှာ အသေးစား လုပ်ငန်းပေါင်း သိန်းနဲ့ချီ ရှိပြီး အိုင်တီ ကုမ္ဗဏီဟာ ရာဂဏန်းပဲ ရှိပါသေးတယ်။ ရာဂဏန်းဆိုတာ ဝဘ်ဆိုဒ်ရေးသားပေးတဲ့ ကုမ္ဗဏီကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒီတော့ ဈေးကွက် အနေအထားအရ ဝဘ်ဆိုဒ် ရေးဆွဲ ပေးတတ်သူများကိုလည်း လိုအပ် ပါတယ်။ ခက်တယ်လို့ ထင်ပါသလား။ အင်္ဂလိပ်လို စာလေးတွေ ဖတ်တတ်ရင် အင်မတန် လွယ်ပါတယ်။ WordPress နဲ့ Joomla ကိုသာ လေ့လာကြည့်ပါ။ CMS လို့ခေါ်တဲ့ Content Management System ဖြစ်တာကြောင့် ကိုယ်က ဘာမှတောင် လုပ်စရာ သိပ်မလိုလှ ပါဘူး။ အဲ့ဒါကို ကောင်းကောင်း သုံးတတ်ရင် အသုံးပြု လိုက်ရုံပါပဲ။ သူ့ကို ဘာနဲ့ ဥပမာ ပေးရမလဲဆို ကားတစ်စီးကို ကိုယ်တိုင် ဆောက်ခြင်း မဟုတ်ပဲ အစိတ်အပိုင်းများကို ရယ်ဒီမိတ် ဝယ်ပြီး ဆက်ပေးရုံ အလုပ်မျိုး ဖြစ်ပါတယ်။ ဒီတော့ www.wordpress.com တို့လို ဆိုဒ်ကို လေ့လာ ကြည့်ပါ။ ဝဘ်ဆိုဒ်တစ်ခုကို ၃ သိန်းကျပ်မှသည် မိမိ လုပ်ပေးနိုင်သလောက် ယူနိုင်ပါတယ်။ အချို့ဆို သိန်း ၃၀ မက လည်း ယူပါတယ်။ သူတို့ကျတော့ ပိုပြီးတော့ customer ရဲ့ လုပ်အပ်ချက် အတိုင်းကို လုပ်ပေးတာ ဖြစ်တာကြောင့် အချို့ Feature တွေကို ကိုယ်တိုင် ပြန်ရေးပေးရတာမျိုးကြောင့် ဖြစ်ပါတယ်။

အွန်လိုင်းမှာ ပစ္စည်းလေးတွေ ရောင်းခြင်း

အွန်လိုင်းမှာ ပစ္စည်းရောင်းမယ် ဆိုရင် နည်းလမ်း အများကြီး ရှိပါတယ်။ သူငယ်ချင်း တစ်ယောက်ဆိုရင် ပစ္စည်းရောင်းဖို့အတွက် ဝဘ်ဆိုဒ် မလုပ်သလို၊ Facebook Page လည်း မလုပ် ပါဘူး။ Viber Group Chat လေးတစ်ခုလုပ်ပြီး သူ့ပစ္စည်းကို ကြိုက်လို့ အားပေးပါမယ်ဆိုတဲ့ လူ အယောက် ၃၀ သာ ထည့်ထားပြီး စင်္ကာပူက ဝင်လာတဲ့ အမျိုးသမီး အိတ်များကို ဓာတ်ပုံနဲ့ ဈေးနဲ့ တကွ ပို့ပေးပါတယ်။ မိန်းကလေး ဆိုတာကတော့ အလှအပနဲ့ ပစ္စည်းများ ကြိုက်တာကြောင့် ဝယ်ဖြစ်ကြပြီး တစ်လကို အနည်းဆုံး ၁၀ အိတ်လောက် ရောင်းထွက်ပါတယ်။ ဒီလိုပဲ တစ်ဆင့်စကား တစ်ဆင့်ကနေ မှာကြရင်း ရောင်းအားတွေ တိုးလို့ နေပါတယ်။ အခြား သူငယ်ချင်းကျတော့ Facebook Page ကနေ ရောင်းပြီး အောင်မြင် ပါတယ်။ အချို့ကျတော့ နည်းပညာ အသိလည်း ရှိတာကြောင့် ဝဘ်ဆိုဒ်ပါ ဖန်တီးပြီး ရောင်းပါတယ်။

အခြားအခြားသော အချိန်ပိုင်း အလုပ်ပေါင်း များစွာ

လက်မှု ပစ္စည်းလေးတွေ တစ်ပိုင်တစ်နိုင်လုပ်ရောင်းတာတို့ကနေ စလို့ မနက်ပိုင်း ကျောင်းမသွားခင်၊ ရုံးမသွားခင် ဂျာနယ်၊ သတင်းစာ၊ စာဆောင် လုပ်ပို့တဲ့ အလုပ်အထိ လုပ်တတ်မယ် ဆိုရင် အချိန်ပိုင်း အလုပ်ပေါင်း များစွာ ရှိပါတယ်။ မိမိကိုယ်တိုင်က ရှာတတ်၊ဖွေတတ်၊ ပြောတတ်၊ ဆိုတတ် လုပ်ကိုင်တတ်ဖို့ပဲ လိုအပ် တာပါ။ စားပွဲထိုး အလုပ်၊ ကား စပယ်ယာ အလုပ်၊ အင်တာနက် ဆိုင် စောင့်တဲ့ အလုပ်၊ ကုမ္ဗဏီကြီးတွေမှာ အချိန်ပိုင်းအလုပ် အစရှိသဖြင့် မြောက်များစွာ ရှိပေမယ့် မိမိရဲ့ လက်ရှိ ရပ်တည်မှုနဲ့ အသင့်လျော်ဆုံးကိုသာ ရွေးချယ်ပါ။ ကိုယ်ဟာ ပညာတတ်တစ်ယောက် ဖြစ်ပြီး ကျောင်းသား ဖြစ်နေ တယ်ဆိုရင် နီးစပ်တာက ဂိုက်သင်၊ စာပြခြင်း ဖြစ်ပါတယ်။ အဲ့ဒီလို ရွေးချယ်တတ်ဖို့ပါ။

အချိန်ပိုင်း အလုပ်လုပ်ဖို့ စဉ်းစားတိုင်း မိမိကိုယ်ကို အမြဲ သတိပေးရမှာက “ငါဟာ ဒီအလုပ်နဲ့ တစ်ဘဝလုံး လုပ်မယ့်သူ မဟုတ်ဘူး” ဆိုတာပဲ ဖြစ်ပါတယ်။ အချို့ဆိုရင် အချိန်ပိုင်း အလုပ်ကို ပျော်သွားပြီး ရွေးချယ်သလို၊ အချို့ကျတော့ မထူးဇာတ်ခင်းပြီး အဲ့ဒီအလုပ်ကိုပဲ ဇောက်ချလုပ်လိုက် ပါတယ်။ မိမိက ပျော်တယ် ဆိုရင်တော့ ရွေးပေါ့။ မပျော်ရွှင်တဲ့ အလုပ် ဖြစ်ပြီး မသက်သာလို့ ရွေတယ် ဆိုရင်တော့ တစ်ဘဝလုံး ပင်ပန်း ဆင်းရဲ ရပါလိမ့်မယ်။ သေချာ စဉ်းစားဆုံးဖြတ်ရန် လိုအပ် ပါတယ်။

နောက်ထပ် တွေးစရာ တစ်ခုက မိမိအနေနဲ့ အချိန်ပိုင်း အလုပ်လုပ်တဲ့အခါ မိမိ လက်ရှိ လုပ်နေတဲ့ အလုပ်နဲ့ သိပ်မထူးမခြားနားတဲ့ အရာကို လုပ်ကိုင်ဖို့ ဖြစ်ပါတယ်။ ဥပမာ သတင်းထောက် တစ်ယောက် ဖြစ်တယ် ဆိုရင် ဒီ မီဒီအတွက် ရေးသားသလို အခြား မီဒီယာအတွက်လည်း စာမူပေးပို့ခြင်းမျိုးတို့ လုပ်တယ်ဆိုရင် အချိန်ပိုင်း အလုပ်က မိမိကိုယ် လမ်းကြောင်း လွဲမသွားစေ ပါဘူး။ အကယ်၍ ဝဘ်ဆိုဒ်ရေးဆွဲတယ်ဆိုရင် အခြားတစ်ဖက်မှာ မိမိကိုယ်တိုင် ပရောဂျက်များ ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် မိမိလုပ်ကိုင်နေတဲ့ ကုမ္ဗဏီရဲ့ ပေါ်လစီနဲ့ စည်းမျဉ်းစည်းကမ်းများ ဘယ်လိုရှိတယ် ဆိုတာ သေချာ လေ့လာပါ။ မိမိအနေနဲ့ အဲ့ဒါတွေကို လိုက်မနာပဲ လုပ်တယ်ဆိုရင် စိတ်ပါဝင်စားမှု အာရုံ ထွေပြားမှု ဆိုတဲ့ စွဲချက်နဲ့ မိမိကို အလုပ်ထုတ်နိုင်သလို ကြီးရင ကြီးမားသလောက် အရေးယူ ခံရ နိုင်ပါတယ်။

ဒါကြောင့်မို့ အချိန်ပိုင်း အလုပ်လုပ်မယ်ဆိုရင် မိမိရဲ့ အသက်မွေးဝမ်ကျောင်းအလုပ် သို့မဟုတ် ပညာရေးကို မထိခိုက်စေဖို့ အင်မတန် အရေးကြီးပါကြောင်း မှာကြားရင် နိဂုံးချုပ်အပ် ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top