ကျနေတဲ့ စိတ်ဓာတ်ကို ဆွဲတင်ကြစို့

6-11-2020-yyl-018.jpg

ဘဝဆိုတာ တိုက်ပွဲတဲ့။ လူရယ်လို့ဖြစ်လာရင် ရင်ဆိုင်ရမယ့် အနိုင်ယူရမယ့် ကျော်လွှားရမယ့်အခက်အခဲတွေက အများသားရယ်။ အမြဲစိတ်ဓာတ်တွေကျနေရင် ဘယ်လိုလုပ် ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်နိုင်တော့မှာလဲ။ ဒီတော့ စိတ်ဓာတ်ကျ (Depression) နေပြီဆိုရင် တိုက်ထုတ်လိုက်ပါ။

ဘာလို့ စိတ်ဓာတ်ကျနေတာကို လျှင်လျှင်မြန်မြန်တိုက်ထုတ်သင့်တာလဲဆိုရင် လူတစ်ယောက် စိတ်ဓာတ်ကျနေပြီဆိုရင် အလိုလိုနေရင်း ပျော်ရွှင်မှုတွေ ပျောက်ဆုံးကုန်သလို ဝမ်းနည်းကြေကွဲစိတ် ကြီးစိုးလာတာ၊ အစားစားချင်စိတ် နည်းပါးလာတာ၊ ပတ်ဝန်းကျင်ကို ရှောင်ကျဉ်လာတာ၊ ပုံမှန်လူနေမှုဘဝနဲ့ ကင်းကွာလာတာ၊ အာရုံစူးစိုက်ရခက်ခဲလာတာနဲ့ အိပ်စက်ရခက်ခဲလာတာတွေခံစားလာရပြီး ဘဝကြီးတစ်ခုလုံး အဓိပ္ပါယ်မဲ့သွားသလိုမျိုး ဖြစ်သွားတတ်တယ်လေ။

တကယ်ဆိုရင် စိတ်ဓာတ်ကျတာကို လူတိုင်းနီးပါး ကြုံဖူးကြပါတယ်။ ဒါပေမယ့် တချို့က ကျော်ဖြတ်ပြီး အောင်မြင်မှုဆီ တက်လှမ်းသွားကြတယ်။ တစ်ချို့ကတော့ အရှုံးပေးလိုက်ကြတယ်။ အဲ့ဒီမှာ လူတစ်ယောက်ချင်းစီရဲ့ ဘဝတွေကလည်း ကွာခြားသွားကြတာပေါ့။

အကြမ်ဖျဉ်းအားဖြင့်ဆိုရင် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ၊ ကိုယ်ရေးကိုယ်တာ အဆင်မပြေမှုတွေ၊ လုပ်ငန်းခွင်ဖိအားတွေနဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေကြောင့် ခုလို စိတ်ဓတ်ကျတာမျိုးကို ကြုံရတတ်ပါတယ်။ ပုံမှန်အားဖြင့် အားငယ်စိတ်ပျက်မှု၊ ဝမ်းနည်းကြေကွဲမှုတွေကို ရက်သတ္တပတ်နဲ့ချီပြီး ခံစားနေရပြီဆိုရင် စိတ်ဓာတ်ကျဆင်းနေပြီလို့ မှတ်ယူတတ်ကြပါတယ်။

အဆိုးဆုံးအခြေအနေမှာ မိမိကိုယ်ကိုယ်အဆုံးစီရင်ဖို့ပါ ကြိုးပမ်းလေ့ရှိတဲ့ ဝေဒနာမျိုးဖြစ်ပါတယ်။ Depression ဟာ ဒီကနေ့ကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကို သတ်သေမှုအများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

အားမလျှော့ပါနဲ့ တိုက်ထုတ်ပါ

လူတိုင်း ရဲ့ ဘဝတွေက မချောမွေ့ပါဘူး။ လူတိုင်း စိတ်ဓာတ်ကျဖူးပါတယ်။ အထူးသဖြင့် ဖိအားပေါင်းစုံနဲ့ နေ့စဉ်ဘဝမှာ ရုံးကန်နေရသူတွေ၊ အဆင်မပြေမှုတွေ အခက်အခဲတွေနဲ့ ရုံးကန်နေရသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

Depression ဟာ လူတစ်ယောက်ရဲ့ ခွန်အား၊ စိတ်အားတက်ကြွမှုနဲ့ စိတ်ခံစားချက်တွေကို ဟာလာဟင်းလင်းဖြစ်သွားအောင် လုပ်ပစ်မှာဖြစ်ပါတယ်။ ပြီးတော့ ဒီဝေဒနာဟာ ဝုန်းဒိုင်းဆိုပြီး ချက်ခြင်း ပျောက်ကွယ်သွားမယ့် ဝေဒနာမျိုးလည်း မဟုတ်ပါဘူး။

နည်းမှန်လမ်းမှန်နဲ့ မတိုက်ထုတ်ရင် အကြိမ်ကြိမ်ပြန်လည် ဖြစ်ပေါ်လာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာ တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီဝေဒနာကို သက်သာစေဖို့ဆိုရင် ခြေလှမ်း သေးသေးလေးတွေကနေ စတင်ရမှာပါ။ ဒီလိုတိုက်ထုတ်နိုင်ဖို့အတွက် လွယ်ကူရိုးရှင်းပြီး ထိရောက်တဲ့ နည်းလမ်း တချို့ရှိပါတယ်။

အောက်မှာဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို လိုက်နာဆောင်ရွက်ကြည့်မယ်ဆိုရင် စိတ်ဓာတ်ကျဆင်းမှုကို လက်တွေ့ထိရောက်စွာ တိုက်ထုတ်နိုင်မှာပါ။

ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ပါ – Exercise လုပ်တာဟာ ရုပ်ပိုင်းအတွက်ရော စိတ်ပိုင်းအတွက်ပါ အကျိုးရှိစေပါတယ်။ လေ့ကျင့်ခန်းတွေဟာ ဦးနှောက်လုပ်ဆောင်ချက်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ပင်ပန်းတဲ့လေ့ကျင့်ခန်းတွေထက် ကိုယ်တတ်နိုင်သလောက် ပေါ့ပေါ့ပါးပါးလုပ်ကိုင်တာမျိုးက ပိုသင့်လျော်ပါတယ်။

အာဟာရပြည့်ဝအောင်စားပါ – စိတ်ဓာတ်ကျဆင်းလာပြီဆိုရင် အစားစားချင်စိတ်လည်း လျော့ပါးလာပါတယ်။ အစားမစားတာဟာ ဝေဒနာကို ပိုဆိုးစေနိုင်သလို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကိုလည်း ရင်ဆိုင်လာရစေမှာဖြစ်ပါတယ်။

အိပ်ရေးဝဝ အိပ်ပါ – စိတ်ဓာတ်ကျနေရင် အိပ်ရခက်ခဲလာတတ်ပါတယ်။ အိပ်ရေးပျက်လေ စိတ်ဓာတ်ပိုကျလေပါပဲ။ ဒီလိုနဲ့ လုံးလည်ချာလည်လိုက်ပြီး အခြေအနေပိုဆိုးလာမှာဖြစ်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်စက်ဖြစ်အောင် မဖြစ်မနေကြိုးစားရမှာပါ။

အချိန်ဇယား သတ်မှတ်ပါ – တကယ်လို့ စိတ်ဓာတ်ကျနေပြီဆိုရင် ဘာမှမလုပ်ဖြစ်ဖို့ အတော်ကို သေချာနေပါပြီ။ ဒါကြောင့် အချိန်ဇယားသတ်မှတ်ထားပြီး လုပ်ဖို့လိုအပ်တာတွေကို ဆက်ပြီးလုပ်နေဖြစ်ဖို့ လိုအပ်ပါတယ်။ အလုပ်တစ်ခုပြီးမြောက်တိုင်း ခံစားရတဲ့ ကျေနပ်မှုက စိတ်ဓာတ်ကျဆင်းမှုကို တိုက်ထုတ်ရာမှာ အသုံးဝင်မှာပါ။

ရည်မှန်းချက်ထားပါ – စိတ်ဓာတ်ကျနေသူတစ်ယောက်ဟာ အသုံးမကျသူ၊ စွမ်းဆောင်ရည်ညံ့ဖျင်းသူလို့ ယုံကြည်နေတတ်ပါတယ်။ ဒီခံစားချက်ဟာ နေ့စဉ်နေ့တိုင်း စိတ်ပင်ပန်းဆင်းရဲစေပါလိမ့်မယ်။ ဒါကြောင့် ရည်မှန်းချက် ခပ်သေးသေးတွေထားပြီး အမှန်တကယ်ပြီးမြောက်အောင် လုပ်ကြည့်ပါ။

တာဝန်ယူမှုရှိပါ – စိတ်ဓာတ်ကျနေရင် ဘာမှမလုပ်ချင်တော့ပါဘူး။ လုပ်လည်း မလုပ်ဖြစ်တော့တာများပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဖြစ်လာတဲ့ ပြဿနာပေါင်းစုံ ပျက်ကွက်မှုအသွယ်သွယ်ကိုလည်း ခေါင်းရှောင်တတ်လာကြပါတယ်။ တကယ်တော့ ကိုယ်နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေတိုင်းကို တာဝန်ယူဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ ဒါမှစိတ်ဖိစီးမှုကို တန်ပြန်တုန့်ပြန်ချင်စိတ် စိတ်လိုလက်ရ ပြန်လည်ပေါ်ထွက်လာမှာပါ။

အဆိုးမြင်စိတ်ကို စိန်ခေါ်ပါ – အဆိုးမြင်တတ်တဲ့ အတွေးတွေ၊ စိတ်နေသဘောထားတွေကို တွန်းလှန်နိုင်ဖို့လည်း လိုအပ်ပါတယ်။ အရမ်းအဆိုးမြင်နေရင် ဝေဒနာကို တွန်းလှန်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ငါဖြတ်ကျော်နိုင်တယ်၊ ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်လေးမွေးထားဖို့ လိုအပ်ပါတယ်။

ဆေးဝါးမမှီဝဲခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ – တစ်ချို့က ဆေးဝါးတွေ မှီဝဲဖို့ကို ပိုမိုစိတ်အားထက်သန်ပါတယ်။ ဒါပေမယ့် ဆေးဝါးမှီဝဲတာဟာ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တာမို့ ဒီလိုမလုပ်ခင် ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ဝါသနာ အသစ်အဆန်းတွေ စမ်းကြည့်ပါ – စိတ်ဓာတ်ကျနေချိန်မှာ ပုံမှန်လုပ်နေကြ အလေ့အကျင့်တွေ ဝါဒနာတွေက ရိုးပြီး ပျင်းစရာကောင်းနေတတ်ပါတယ်။ ဒါကြောင့် အသစ်အဆန်း ဝါသနာတွေ၊ ပညာရပ်တွေကို စမ်းသပ်သင့်ပါတယ်။ အရင်က လုပ်ချင်ပေမယ့် မလုပ်ဖြစ်ခဲ့တဲ့ ဝါသနာတွေ လေ့လာစရာတွေကို ခုလိုအချိန်မျိုးမှာ အတိုးချလေ့လာသင့်ပါတယ်။
ပျော်အောင်နေပါ – စိတ်ဓာတ်ကျနေပါတယ်ဆိုမှ ပျော်မလားလို့ လူတွေက မေးခွန်းပြန်ထုတ်နိုင်ပါတယ်။ ဟုတ်ပါတယ် မပျော်လို့ စိတ်ဓာတ်ကျနေတာပါ။ ဒါပေမယ့် ပျော်အောင် ကြိုးစားရပါတယ်။ ဒီအပိုင်းဟာ ခက်ခဲပေမယ့် ဒီဝေဒနာကို ကျော်လွှားနိုင်ဖို့ အဓိက အချက်တစ်ခုဖြစ်ပါတယ်။

စိတ်ဓာတ်ကျတဲ့ ဝေဒနာဟာ တမဟုတ်ချင်းပျောက်ကင်းသွားနိုင်တဲ့ ဝေဒနာမျိုးမဟုတ်ပါဘူး။ အချိန်ယူပြီး တိုက်ထုတ်ဖို့လိုအပ်ပါတယ်။ ဖြည်းဖြည်းခြင်းနဲ့ မှန်မှန်ကျော်ဖြတ်ရမယ့် ဝေဒနာပါ။

ဒါကြောင့် စိတ်ရှည်ဖို့လိုအပ်သလို ရေရှည်အကျိုးရှိမယ့် ရည်မှန်းချက်မျိုးထားပြီး ဖြေးဖြေးမှန်မှန်ကျော်ဖြတ်ဖို့လည်း လိုအပ်ပါတယ်။ ခြေလှမ်းသေးသေးလေးတွေနဲ့စတင်ပြီး ရည်မှန်းချက်အကြီးကြီးဆီရောက်အောင်သွားပါ။ ဒီဝေဒနာကို ရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ ကျော်ဖြတ်လိုက်ပါ။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top