စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာကို ရင်ဆိုင်ကျော်လွှားနေရတဲ့သူကို မပြောသင့်တဲ့ စကားများ

7-7-2021-yyl-32.jpg

လူတစ်ယောက် ဘာတွေခံစားနေရပြီး ဘယ်လိုကျော်ဖြတ်နေရတယ်ဆိုတာကို ကျွန်တော်တို့ သေချာမသိနိုင်တဲ့အတွက် စကားအပြောအဆိုသတိထားတာ အကောင်းဆုံးပါပဲ။ လူတစ်ယောက်က စိတ်ပိုင်းဆိုင်ရာအားနည်းနေတယ်ဆိုရင် အဲဒီသူကို ပြောသင့်တဲ့စကားရှိသလို မပြောသင့်တဲ့စကားလည်းရှိတဲ့အတွက် ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာအားနည်းနေတဲ့ လူတစ်ယောက်က စိတ်ခံစားချက်တွေကို နားလည်ဖို့ ကြိုးစားရင်းနဲ့ ခက်ခဲတဲ့အချိန်တွေကို ကျော်လွှားနေရတာပါ။ အဲဒီလိုအချိန်မှာ သူတို့တွေက ထိလွယ်ရှလွယ်ကြပါတယ်။ ထိခိုက်နာကျင်စေတဲ့စကားတွေက သူတို့ကို ပိုပြီးဆိုးရွားသွားစေနိုင်သလို သူတို့ရဲ့ပြဿနာတွေကို ထုတ်ပြောလာမှာလည်းမဟုတ်တော့ပါဘူး။

အခုလိုကာလမျိုးမှာ လူတော်တော်များများ စိတ်ဓာတ်ကျလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေ ကြုံတွေ့လာရပါတယ်။ စိတ်ပိုင်းဆိုင်ရာအားနည်းတဲ့သူတွေက သူတို့ခံစားနေရတဲ့အရာတွေကို အခြားသူတွေကို ထုတ်ပြောပြတာ ရှားပါတယ်။ တကယ်လို့ သင့်ကို စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအကြောင်း တစ်စုံတစ်ယောက်က ထုတ်ပြောလာခဲ့ရင် သူတို့ပြောပြတဲ့အရာတွေကို သေချာဂရုစိုက်နားထောင်ပေးဖို့ အရေးကြီးပါတယ်။ သူတို့ကို ချစ်ခင်ပေးမယ့်သူ၊ သူတို့ဘက်က ရပ်တည်ပေးမယ့်သူရှိသေးတယ်လို့ ခံစားရအောင် လုပ်ပေးပါ။

ဒါကြောင့် စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြုံတွေ့ရင်ဆိုင်နေရတဲ့ သူတွေကို စကားပြောတဲ့အခါ သူတို့ကို ပိုဆိုးရွားသွားစေနိုင်မယ့် စကားတွေမပြောဖို့ အရေးကြီးပါတယ်။ ဘယ်လိုစကားမျိုးတွေပြောပြီး ဘယ်လိုစကားမျိုးတွေမပြောရဘူးလဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။

“နင့်ခေါင်းထဲမှာ ဒါတွေချည်းပဲ”

တစ်ခုခုနဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျလာရင် စိတ်ဖိစီးလာရင် အဲဒီလူကို ကျွန်တော်တို့အများဆုံးပြောဖြစ်တာက “နင်က အဲဒီအကြောင်းပဲတွေးနေတာကိုး”၊ “နင့်ခေါင်းထဲမှာလည်း ဒါတွေချည်းပဲ” ဆိုတဲ့စကားတွေပါပဲ။ သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို သူတို့ကိုယ်တိုင်ခံစားနေရတာမို့ ဒီလိုစကားမျိုးတွေပြောဆိုတာ ရှောင်ပေးပါ။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေက နှလုံးရောဂါနဲ့ အခြားရုပ်ပိုင်းဆိုင်ရာပြဿနာတွေလည်းဖြစ်လာနိုင်တာကြောင့် သူတို့ရဲ့ပြဿနာတွေနဲ့ ခံစားချက်တွေကို လျစ်လျူမရှုပါနဲ့။

“ပိုပြီးကြိုးစားပါ”

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာကို ရင်ဆိုင်နေရတဲ့သူတွေက ကြိုးစားကျော်လွှားနေရတဲ့အတွက် “ပိုပြီးကြိုးစားအားထုတ်ပါ”ဆိုတဲ့စကားမျိုး မပြောမိဖို့ အရေးကြီးပါတယ်။ အဲဒီလိုစကားမျိုးက သူတို့ကို မျှော်လင့်ချက်မဲ့စေသလိုဖြစ်စေပါတယ်။ သူတို့တွေက အခြားသူဆီကနေ အကူအညီရဖို့၊ သူတို့ပြဿနာတွေကို မျှဝေဖို့ ကြိုးစားနေရတာပါ။ သူတို့အတွက် အကူအညီပေးဖို့ အသင့်ရှိနေတယ်။ အကောင်းဆုံးကူညီပေးမယ်ဆိုတာတွေ ပြောဖို့ လိုအပ်ပါတယ်။

“စိတ်ဓာတ်ကျတဲ့ပုံလည်းမပေါ်ဘူး”

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေရတဲ့သူတွေရဲ့ ရုန်းကန်နေရမှုကို ကျွန်တော်တို့ မမြင်နိုင်တာက သူတို့ မရင်ဆိုင်ရဘူးလို့ မဆိုလိုပါဘူး။ သူတို့ကို ပိုပြီးဆိုးရွားသွားစေနိုင်တဲ့ မယုံကြည်မှုမျိုးကို မပြပါနဲ့။ သူတို့ရဲ့ခံစားချက်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်တာမျိုးမလုပ်ပါနဲ့။ တချို့လူတွေက သူတို့ခံစားနေရတာတွေကို မျက်နှာမှာ အရိပ်အယောင်မပြဘဲ ဖုံးကွယ်ထားတတ်ကြပါတယ်။ ဒါကြောင့် “စိတ်ဓာတ်ကျနေတဲ့ပုံလည်းမပေါ်ဘူး” ဆိုတဲ့စကားမျိုးမပြောမိအောင် ရှောင်ပါ။

ပြောပေးရမယ့်စကားတွေကတော့

“မင်းကို ဘယ်လိုကူညီပေးရမလဲ”

“အဲဒီအကြောင်း ပြောပြချင်လား။ မင်းအတွက် ငါ ရှိနေပါတယ်”

“မင်း ဒါကို ကျော်လွှားရင်ဆိုင်နေရတဲ့အတွက် ငါ တကယ်ကို တောင်းပန်ပါတယ်။ မင်း ငါ့ကို လိုအပ်ရင် ကူညီပေးဖို့ အသင့်ပါပဲ”

“ငါ့ကို ပြောပါ။ နားထောင်နေပါတယ်”

“ငါ့ကို နားထောင်စေချင်လား”

“မင်း ကျော်လွှားပစ်ရမယ်။ မင်းအတွက် ငါ ရှိနေပါတယ်” ဆိုတာတွေပါပဲ။

Ref: Things you should avoid saying to someone going through a mental illness
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top