ရွေးကောက်ပွဲနေ့မတိုင်ခင် ကလေးမီးဖွားခဲ့ရလို့ ဆေးရုံကနေ မဲပေးခဲ့တဲ့ အမျိုးသမီး

6-11-2020-yyl-015.jpg

ပင်ဆယ်ဗေးနီးယားပြည်နယ်၊ တာရန်တိုမြို့က မီဂန် ဝေါကာ (Megan Walker) ဆိုတဲ့ အမျိုးသမီးဟာ အမေရိကန်ရွေးကောက်ပွဲမတိုင်ခင်ရက်မှာ ကလေးမွေးခဲ့တဲ့အတွက် ဆေးရုံအခန်းထဲကနေပဲ မဲပေးခဲ့ရပါတယ်။ မီဂန်က သားယောက်ျားလေးကို နိုဝင်ဘာလ ၂ ရက်နေ့က UPMC Magee Womens Hospital မှာ မွေးဖွားခဲ့တာပါ။ နောက်နေ့ရောက်တော့ သူဟာ ဆေးရုံကနေ ဆင်းဖို့လိုအပ်ကြောင်းနဲ့ ဒါမှ မဲပေးလို့ရမှာဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းကို ပြောခဲ့ပါတယ်။

“ကျွန်မ မဲသွားပေးချင်ခဲ့တယ်။ နောက် (၂) ပတ်လောက်နေမှာ သားလေးကို မွေးရမှာကို မမျှော်လင့်ဘဲနဲ့ ရွေးကောက်ပွဲမတိုင်ခင်ရက်မှာ မွေးဖြစ်ခဲ့တယ်” လို့ မီဂန်က ဆိုပါတယ်။ မီဂန်က ကလေး (၂) ဦးမိခင်ဖြစ်ပေမဲ့ အခုမွေးဖွားခဲ့တဲ့သားလေးကတော့ သူ့သတို့သားလောင်း မက်ခ် ဒရန် (Mark Drum) နဲ့ရတဲ့ ပထမဆုံးကလေးပါပဲ။ မက်ခ် ဒရန်ကလည်း နိုဝင်ဘာ ၃ ရက်နေ့က မဲပေးဖြစ်ခဲ့ပါတယ်။

မီဂန် မဲပေးလို့ရဖို့အတွက် ဆေးရုံတက်နေရတဲ့သူတွေ၊ ဘိုးဘွားရိပ်သာမှာ နေထိုင်နေရတဲ့သူတွေကို မဲပေးလို့ရအောင် ကူညီပေးနေတဲ့ Pittsburgh Ballots for Patients ပရောဂျက်အဖွဲ့က လုပ်ဆောင်ပေးခဲ့တာပါ။ အဲဒီအဖွဲ့ရဲ့ညှိနှိုင်းဆောင်ရွက်ပေးသူ ပေါလ် အို ဟန်လွန် (Paul O’ Hanlon) ကတော့ “ကျွန်တော်တို့ သွားပြီးမဲမပေးနိုင်တဲ့ သူတွေဆီကနေ ဖောင်တွေကို ရအောင် မနက်ခင်းကတည်းက စတင်တာပါ။ သင်က ဆေးရုံမှာ ရှိနေရင် ကိုယ်တိုင်မဲသွားပေးစရာမလိုပါဘူး” လို့ ဆိုပါတယ်။

မီဂန်က သူ့ဆေးရုံအခန်းထဲကို အဖွဲ့အစည်းက စေတနာ့ဝန်ထမ်းတွေရောက်မလာခင်ထိ မဲပေးရမယ့်အခွင့်အရေးကို လွတ်သွားမှာ စိုးရိမ်နေခဲ့တာပါ။ “ဒါက ကျွန်မရဲ့မဲကို စိတ်ချစွာနဲ့ ထည့်ခွင့်ရအောင်လုပ်ပေးခဲ့တာ တကယ်ကောင်းပါတယ်။ မဲပေးနိုင်သေးတဲ့အတွက် စိတ်သက်သာရာရခဲ့ပါတယ်” လို့ မီဂန်က ပြောပါတယ်။

မီဂန်မွေးဖွားခဲ့တဲ့ သားလေးက (၇) ပေါင် (၁၂) အောင်စနဲ့ ကျန်းမာလှပနေပါတယ်။ မီဂန်နဲ့ မက်ခ်တို့ (၂) ဦးပေါင်းလိုက်ရင် သား (၃) ဦးနဲ့ သမီး (၃) ဦးရှိပါတယ်။ အခုဆိုရင် သူတို့ဟာ ပြီးပြည့်စုံတဲ့မိသားစုရှိနေပါပြီ။

Ref: ABC “Mom delivers her baby then votes in the 2020 election from hospital”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top