အဘူဒါဘီမြို့ ကမ်းလွန်ဘက်မှာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး သဘာဝပုလဲတစ်လုံး တွေ့ရှိ

yyl-25-007.jpg

ယူအေအီးနိုင်ငံမြို့တော် အဘူဒါဘီမြို့ ကမ်းလွန်ဘက်က ကျွန်းတစ်ကျွန်းမှာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး သဘာဝပုလဲတစ်လုံး ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မာရာဝါကျွန်းပေါ်မှာ တူးဖော်ရှာဖွေမှုတွေ ပြုလုပ်ရင်းနဲ့ နှစ်သက်တမ်း ၈၀၀၀ ရှိတဲ့ ပုလဲလုံး တွေ့ရှိခဲ့တာပါ။ အဲဒီတွေ့ရှိမှုအရ ကျောက်ခေတ်သစ်(Neolithic)ကတည်းက ဒီဒေသမှာ ပုလဲတွေကို ကုန်ကူးရောင်းချနေတယ်ဆိုတာ သက်သေပြနိုင်ခဲ့တယ်လို့ ယူအေအီးအာဏာပိုင်တွေက ပြောပါတယ်။ ရှေးဟောင်းပညာရှင်တွေက ရေဒီယိုကာဗွန်နည်းပညာ အသုံးပြုပြီးပုလဲလုံးရဲ့ သက်တမ်းကို ခန့်မှန်းရာမှာ ဘီစီ ၅၈၀၀ ကနေ ၅၆၀၀ ကြားကာလအတွင်းက ဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီကာလတုန်းက ပုလဲကို လက်ဝတ်ရတနာအဖြစ် ဝတ်ဆင်ခဲ့ကြသလို မက်ဆိုပိုတေးမီးယား(ရှေးဟောင်းအီရတ်လူမျိုး)တွေထံကနေ ကြွေထည်တွေ၊ တခြားကုန်ပစ္စည်းတွေနဲ့ လဲလှယ်အသုံးပြုခဲ့ကြတယ်လို့ ယူအေအီးနိုင်ငံဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ အဲဒီပုလဲလုံးကို အောက်တိုဘာလ ၃၀ ရက်ကျရင် အဘူဒါဘီမြို့မှာရှိတဲ့ လုဗ်ပြတိုက်မှာ ကျင်းပမယ့် 10000 Years of Luxury ပြပွဲမှာ ခင်းကျင်းပြသမယ်လို့ ဆိုပါတယ်။ မာရာဝါကျွန်းပေါ်က ပြိုကျနေတဲ့ ကျောက်သားအဆောက်အအုံတွေကို အဓိကထား တူးဖော်ရှာဖွေရာမှာ ခရုခွံတွေ၊ ကျောက်ပုတီးတွေ၊ မီးခတ်ကျောက်နဲ့ ပြုလုပ်ထားတဲ့ မြားထိပ်ဖျားတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top