ကိုရိုနာကြောင့် ဖြစ်ပေါ်လာတဲ့ ကွာရှင်းမှုများ

5-5-2020-yyl-012.jpg

#Coronadivorce ဆိုတဲ့ စကားလုံးက ဧပြီလ ၃ ရက်ကစပြီး ဂျပန်နိုင်ငံရဲ့ လူမှုကွန်ရက်ပေါ်မှာ စတင်ရေပန်းစားလာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်(Coronavirus)နဲ့ ကွာရှင်းမှု(Divorce)ဆိုတဲ့ စကားလုံး နှစ်ခုကို ပေါင်းစပ်ထားတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် လင်မယားတွေ၊ အတူနေချစ်သူတွေ လမ်းခွဲပြတ်စဲရတာလို့ အဓိပ္ပာယ်ရပါတယ်။

ကိုင်ဆုကီအာရအီကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အိမ်ကနေ အလုပ်လုပ်ချိန်ကစပြီး(Work from Home) ကာလရှည်လက်တွဲခဲ့တဲ့ ချစ်သူနဲ့ စကားများ၊ ရန်ဖြစ်တာ တကျတ်ကျတ်ပါပဲ။ တမိုးအောက်ထဲမှာ အချိန်ပြည့် နေရချိန်ကစပြီး ချစ်သူနဲ့ စကားများ၊ ရန်ဖြစ်ရတာ အာရအီတစ်ယောက်တည်း မဟုတ်ပါဘူး။ အာရအီဟာ သူ ကြုံရတဲ့ပြဿနာကနေ အကြံတစ်ခုရသွားပါတယ်။ လက်ရှိအချိန်မှာ တည်းခိုသူမရှိတဲ့ ဟိုတယ်ခန်းတွေကို ကာလတိုငှားရမ်းလို့ရတဲ့ နေရာတွေအဖြစ် အသုံးပြုဖို့ပါပဲ။ အာရအီက တိုကျိုမြို့အခြေစိုက် ခရီးသွားလုပ်ငန်း ကုမ္ပဏီဝန်ထမ်းပါ။ အာရအီရဲ့အကြံကို သူ့ကုမ္ပဏီ(Kasoku)က လက်ခံခဲ့ပြီး ဟိုတယ်ခန်းတွေ ကာလတိုငှားပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ” ကွာရှင်းမှုတွေ မဖြစ်စေချင်လို့ပါ။ အခုလို ဟိုတယ်ခန်းတွေ ငှားရမ်းပေးတဲ့ အိုင်ဒီယာကတော့ အိမ်ထောင်သည်တွေကို သူတို့ရဲ့အိမ်ထောင်ရေးအကြောင်း ပြန်စဉ်းစားနိုင်မယ့် နေရာနဲ့ အချိန် ဖန်တီးပေးဖို့ပါ”လို့ အာရအီက ပြောပါတယ်။

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၅၀၇၈ ယောက်ရှိနေပြီး သေဆုံးသူ ၅၃၆ ယောက်ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးက ရပ်တန့်သွားမယ့် အရိပ်အယောင်မရှိသေးသလို အရေးပေါ်အခြေအနေ ကြေညာထားမှုကိုလည်း ရုပ်သိမ်းဖို့ အလားအလာမရှိသေးပါဘူး။ ဂျပန်နိုင်ငံဟာ အရင်တုန်းက ကာရိုရှီ(Karoshi)လို့ခေါ်တဲ့ အလုပ်ဒဏ်ပိလို့ သေဆုံးရမှုတွေ ဖြစ်ပွားခဲ့ပေမဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာတော့ အလုပ်သမားတွေအတွက် အလုပ်နဲ့ လူမှုဘဝကြား ဟန်ချက်ပိုညီလာအောင် ဖန်တီးပေးခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်နဲ့ ၁၉၈၀ ပြည့်နှစ်တွေအတွင်း ဂျပန်နိုင်ငံရဲ့ စီးပွားရေးတဟုန်ထိုးတိုးတက်မှုကို တွန်းအားဖြစ်စေဖို့အတွက် ကော်လံဖြူလုပ်သား(ရုံးလုပ်သား) တွေက တစ်နေ့ကို နာရီပေါင်းများစွာ အလုပ်ဆင်းရပေမဲ့ ဒီနေ့အချိန်မှာတော့ မိသားစုကို အချိန်ပိုပေးလာနိုင်ပါပြီ။

ဒါပေမဲ့ အိမ်ထောင်ရှင်အမျိုးသားအချို့ကတော့ အချိန်အများစုကို ရုံးမှာ ကုန်ဆုံးနေကြတုန်းပါပဲ။ သူတို့အလုပ်ရှင်တွေက အတင်းအကျပ်ခိုင်းစေလို့ ရုံးမှာ နေကြတာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်က အိမ်ပြေး(escapist) တွေ ဖြစ်နေကြလို့ပါပဲ။ သူတို့က အိမ်မှုကိစ္စ ဘာဟီရတွေ မလုပ်ချင်လို့ ရုံးမှာပဲ နေကြလေ့ရှိတာပါ။ ဒါပေမဲ့ Lockdown လုပ်လိုက်တော့ လူနေမှုပုံစံတွေ ပြောင်းလဲသွားတယ်။ သူတို့လည်း အိမ်ပြေးလုပ်လို့မရတော့ဘူး။ နေသားမကျတဲ့ပုံစံမျိုး နေထိုင်ရတဲ့အခါ အရင်တုန်းကလို တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းအခန့်မသင့်ရင် ရုံးကိုထွက်သွားတာမျိုး လုပ်လို့မရတော့ ပြဿနာတွေက ပိုရှုပ်ထွေးလာပါတယ်။ အဲဒီတော့ အမျိုးသမီးတွေလည်း အိမ်တွင်းအကြမ်းဖက်တာမျိုး ကြုံလာရတယ်လို့ အိမ်ထောင်ကွာရှင်းမှုဆိုင်ရာ ရှေ့နေ ချီဂိုတိုက သူ(မ)ရဲ့ ဘလော့မှာ ရေးသားထားပါတယ်။ ၂၀၁၉ ခုနှစ်ထဲမှာ ဂျပန်နိုင်ငံရဲ့ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပွားနှုန်းက စံချိန်တင်မြင့်တက်ခဲ့တယ်။ ဒီတော့ သူတို့အတွက် စိတ်ပြေလက်ပျောက်ဖြစ်စေမယ့်၊ ကိုယ်ပိုင်အချိန်ရစေမယ့် နေရာလွတ်တွေ ဖန်တီးပေးဖို့ လိုအပ်လာတာ အသေအချာပါပဲ။

ဂျပန်နိုင်ငံတစ်ဝန်းက ဟိုတယ်တွေ၊ ဧည့်ရိပ်သာတွေမှာရှိတဲ့ အခန်း ၅၀၀ ကို ပရိဘောဂတွေ ထည့်သွင်းပေးပြီး တစ်ရက်ကနေ ၆ လအထိ ငှားရမ်းနိုင်အောင် Kasoku ကုမ္ပဏီက စီစဉ်ပေးထားပါတယ်။ ငှားရမ်းခကတော့ တစ်ရက်ကို ယန်း ၄၀၀၀( ၃၇ ဒေါ်လာ)ကနေ တစ်လကို ယန်း ၉၀၀၀၀( ၈၄၄ ဒေါ်လာ)အထိ ကျသင့်မှာဖြစ်ပါတယ်။ Kasoku ကုမ္ပဏီကို အခန်းငှားဖို့ စုံစမ်းမေးမြန်းသူ ၁၄၀ ကျော်ရှိခဲ့ပြီး အများစုကတော့ သူတို့ရဲ့ချစ်သူတွေနဲ့ အချိန်ပြည့်မနေချင်တဲ့ အသက် ၃၀၊ ၄၀ ဝန်းကျင် အမျိုးသမီးတွေဖြစ်ပါတယ်။ အခုချိန်အထိတော့ အခန်းငှားမယ်လို့ ပြောထားသူ ၃၇ ယောက် ရှိနေပါတယ်။

၂၀၁၇ ခုနှစ်မှာ OECD အဖွဲ့က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဂျပန်နိုင်ငံမှာ တစ်နှစ်ကို လူ ၁၀၀၀ မှာ ၂ ယောက်နှုန်း ကွာရှင်းနေပြီး အမေရိကန်နိုင်ငံမှာ ၃ ယောက်၊ ရုရှားနိုင်ငံမှာ ၄.၅ ယောက် ရှိနေတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့ထားတဲ့ကာလအတွင်း ကွာရှင်းမှုတွေ ရုတ်တရက် မြင့်တက်လာခြင်းမရှိသေးပေမဲ့ လူမှုကွန်ရက်ပေါ်က ရေးသားမှုတွေအရတော့ စိတ်ပျက်ငြီးငွေ့သူတွေ များလာတယ်လို့ ရှေ့နေ ဂိုတိုက ပြောပါတယ်။ ဒီလိုအနေအထားမှာ တစ်ယောက်နဲ့တစ်ယောက် အချင်းမများရစေဖို့ သုံးပြီးသား နှာခေါင်းစည်းတွေကို ဘယ်လိုစွန့်ပစ်မယ်၊ လက်ကို ဘယ်လိုဆေးမယ်၊ ထမင်း၊ ဟင်းချက်တဲ့အခါ ဘယ်သူက ဘယ်တာဝန်ယူမယ်၊ အိမ်မှုကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်သူက ဘာလုပ်မယ်ဆိုတာမျိုး တာဝန်ခွဲတမ်းချထားသင့်တယ်လို့ ဂိုတိုက ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေကို တစ်ဆစ်ချိုး ပြောင်းလဲစေရုံသာမကဘဲ လူမှုအသိုက်အဝန်းရဲ့ သွင်ပြင်လက္ခဏာတွေကိုပါ ပြောင်းလဲစေခဲ့ပါတယ်။ အရင်တုန်းက တစ်ယောက်နဲ့တစ်ယောက် တွေ့ရင် ပွေ့ဖက်နမ်းရှုံ့နှုတ်ဆက်ကြရာကနေ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေကြတဲ့ အခြေအနေမျိုး ဖြစ်စေခဲ့သလို ချစ်သူတွေကြား၊ အိမ်ထောင်ရှင်တွေကြားမှာပါ ပြဿနာတွေ ပွားများစေခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အလိုမကျနေတဲ့စိတ်တွေ၊ ညစ်ညူးနေတဲ့စိတ်တွေကို ထိန်းချုပ်ပြီး ပါးလျနေတဲ့ သည်းခံနိုင်စွမ်းတွေကို ပေါက်မထွက်အောင် ထိန်းသိမ်းရမယ့်အချိန်ပါပဲ။

Ref: CNN ” Japan firm offers couples unused hotel rooms amid Covid-19 lockdown”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top