အမေရိကန်နိုင်ငံနဲ့ ဥရောပနိုင်ငံရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက် နာမည်ကြီးတံဆိပ်Nike က Sneaker ဖိနပ်တွေ လှူဒါန်းနေ

5-5-2020-yyl-015.jpg

နာမည်ကြီးတံဆိပ်Nike က ကိုရိုနာဗိုင်းရပ်စ်ကို ရှေ့တန်းထွက်တိုက်ဖျက်နေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတချို့ကို ကူညီပံ့ပိုးပေးဖို့ လုပ်ဆောင်နေပါတယ်။ Nike တံဆိပ်ဟာ အမေရိကန်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို Sneaker (၃၂,၀၀၀) လှူဒါန်းသွားမှာဖြစ်ပါတယ်။ လှူဒါန်းတာနည်းပေမဲ့ ဒီလိုလှူဒါန်းတာက COVID-19 ကို တိုက်ဖျက်နေတဲ့၊ လူနာနေပြန်ကောင်းအောင် ကူညီပေးနေတဲ့ ရှေ့တန်းက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ အချိန်ပြည့်အလုပ်လုပ်နေရတဲ့သူတွေကို အကူအညီဖြစ်စေနိုင်မှာဖြစ်ပါတယ်။

ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ အခြားကျန်းမာရေး စောင့်ရှောက်ရေးကျွမ်းကျင်ပညာရှင်တွေအတွက် သီးသန့်ဒီဇိုင်းပြုလုပ်ထားတဲ့ Nike Air Zoom ဖိနပ်တွေကို ချီကာဂို၊ လော့စ်အိန်ဂျလိစ်၊ မန်းန်ဖစ်စ်မြို့၊ နယူးယောက်၊ ဘာစီလိုနာ၊ ဘာလင်၊ လန်ဒန်၊ မီလန်၊ ပါရစ်၊ ဘယ်ဂျီယံတို့ရှိ ကျန်းမာရေးစောင့်ရှောက်မှုစင်တာနဲ့ ဆေးရုံဆီ ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ Nike ကတော့ ကောင်းကောင်းလက်ခံရရှိမယ်လို့ မျှော်လင့်နေပါတယ်။

“ရှေ့တန်းကနေ COVID-19 ကို တွန်းလှန်နေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ဖိနပ်၊ အဝတ်အစားနဲ့ပစ္စည်း (၁၄၀,၀၀၀) ကျော်လှူဒါန်းဖို့အတွက် အမေရိကန်နိုင်ငံက Good360 အဖွဲ့စည်းနဲ့ ဥရောပတစ်ဝှမ်းက ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ Nikeက လက်တွဲသွားမှာ” လို့ Nike တံဆိပ်ကုမ္ပဏီက ပြောပါတယ်။ ဖိနပ်တွေကို ဆေးရုံအခြေအနေပေါ်မူတည်ပြီး သက်တောင့်သက်သာဖြစ်ဖို့ လုံခြုံစိတ်ချစွာ အလုပ်လုပ်နိုင်ဖို့အတွက် ဖန်တီးထားတာဖြစ်ပြီး Oregon Health & Science University နဲ့ Doernbecher Children’s Hospital တို့က ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဆီက သုံးသပ်ချက်တွေကိုလည်း ထည့်သွင်းဖန်တီးထားတာဖြစ်ပါတယ်။

Nike Air Zoom ဖိနပ်အမျိုးအစားကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက ထွက်ရှိခဲ့တာဖြစ်ပြီး တာရှည်ခံတယ်၊ သက်တောင့်သက်သာဖြစ်တယ်၊ ဖိတ်စဉ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ထူးခြားတဲ့ပုံစံကတော့ ဖိနပ်ကြိုးမပါတာပဲ။ ဆွဲဆန့်နိုင်တယ်။ တာရှည်ခံတဲ့ ရာဘာတွေနဲ့ပြုလုပ်ထားပြီး ဖိနပ်ချော်တာတွေလည်း မဖြစ်စေပါဘူး။ Nike Air Zoom Pulse ရဲ့ မတူတဲ့ဒီဇိုင်း(၆) မျိုးကိုတော့ ဒီဇင်ဘာမှာ ထွက်ရှိခဲ့ပါတယ်။ အဲဒီကရရှိတဲ့ အမြတ်အားလုံးက OHSU Doerbecher Children’s Hospital နဲ့ Doernbecher Freesyle Program အတွက်ဖြစ်ပါတယ်။

Nike က ဖိနပ်တွေအပြင် လော့စ်အိန်ဂျလိစ်နဲ့ နယူးယောက်မြို့တွေက ဆေးရုံတွေဆီ ခြေအိတ် (၉၅,၀၀၀)ကိုလည်း လှူဒါန်းခဲ့ပြီးပါပြီ။ ကျန်းမာရေးဝန်ထမ်းတွေ သူတို့ရဲ့ပစ္စည်းတွေကို သယ်ရလွယ်ကူစေဖို့အတွက် အားကစားအိတ် (၁၁၀၀) ကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။

Ref: Nike Is Donating 32,000 Pairs Of Sneakers To Healthcare Workers In Europe And America

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top