ကင်ညာနိုင်ငံမှာရိုက်ကူးရရှိခဲ့တဲ့ ရှားပါးသစ်နက် (Black Panther) ရဲ့ ပုံရိပ်များ

105626714_willbl-black-leopard-4.jpg

ကင်ညာနိုင်ငံမှာရိုက်ကူးရရှိခဲ့တဲ့ ရှားပါးသစ်နက် (Black Panther) ရဲ့ ပုံရိပ်များ

နာမည်ကျော်စူပါဟီးရိုးဇာတ်ကောင်နာမည်အဖြစ်သတ်မှတ်ခံထားရတဲ့ ရှားပါးသားရဲ သစ်နက် (Black Panther) တွေဟာ သာမန်ကျားသစ်တွေထက် နည်းနည်းလေး ပိုထူးခြားကြပြီး အလွယ်တကူလည်းမတွေ့ရတတ်တဲ့ သတ္တဝါတွေပါ။ အခုတော့ ဝီလ် ဘားရက်ဒ် လူးကပ်စ် (Will Burrard-Lucas) ဆိုတဲ့ တောရိုင်းသတ္တဝါဓာတ်ပုံဆရာက အဲဒီရှားပါးထူးခြားလှတဲ့သစ်နက်သတ္တဝါရဲ့ ပုံရိပ်တွေကို (အာဖရိကတိုက်မှာ နှစ် ၁၀၀ အတွင်း ) ပထမဆုံးအကြိမ်အဖြစ် ရိုက်ကူးယူနိုင်ခဲ့ပါပြီ။

ဝီလ်ဟာ ကင်ညာနိုင်ငံ၊ လိုင်ကီပီးယားသဲကန္တာရစခန်းမှာရှိနေတဲ့အချိန်အတွင်း သစ်နက်ရဲ့သတင်းကို ကြားခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် စတိဗ် (Steve) ဆိုတဲ့ လမ်းပြတစ်ဦးနဲ့အတူ ကျားသစ်ခြေရာတွေနောက်လိုက်ပြီး တောအုပ်ထဲမှာ ထောင်ချောက်ကင်မရာတွေကို လျို့ဝှက်တပ်ဆင်ခဲ့ပါတယ်။

“ဒီလို ကင်မရာထောင်ချောက်ဆင်ပြီးရိုက်ရတဲ့အလုပ်က နည်းနည်းတော့ စိတ်ရှည်ရတယ်…ကိုယ်ဓာတ်ပုံရိုက်ချင်နေတဲ့သတ္တဝါက ကိုယ်ဆင်ထားတဲ့ကင်မရာတွေဆီ တန်းတန်းမတ်မတ်ရောက်လာ မလာကို ယတိပြတ် ပြောလို့မရဘူးလေ” လို့ ဝီလ်က ရှင်းပြခဲ့ပါတယ်။ သူတို့ ခြေရာကောက်ပြီးလိုက်ခဲ့တောတွက ကျားသစ်နက်ရဲ့ခြေရာတွေလား သာမန်ကျားသစ်တစ်ကောင်ရဲ့ခြေရာတွေလား ဆိုတာကိုတော့ သူတို့နှစ်ယောက်က အသေအချာမသိခဲ့ကြပါဘူး။

“ကျွန်တော် အများကြီးတော့မျှော်လင့်မထားခဲ့ဘူး။ ပထမဆုံးနှစ်ညသာကုန်သွားတယ်.. အဲဒီကျားသစ်နက်ရဲ့ အရိပ်အယောင်တောင်မတွေ့ခဲ့ရဘူးလေ။ ဒီတော့ ကျားသစ်နက်မဟုတ်ရင်တောင် သာမန်ကျားသစ်တစ်ကောင်ရဲ့ ပုံလောက်ရရင်ပဲ မဆိုးပါဘူးလို့ စတွေးမိလာတယ်” လို့ ဝီလ်က သူ့စောင့်ဆိုင်းခဲ့ရတဲ့အချိန်တွေအကြောင်းကို ပြောပြခဲ့ပါတယ်။

လေးရက်မြောက်ညမှာတော့ သူကံကောင်းခဲ့ပါပြီ။ သူမျှော်လင့်ထားတဲ့ သစ်နက်ရဲ့ပုံတွေကို ကင်မရာတွေက ရိုက်ကူးနိုင်ခဲ့လို့ပါ။ ရိုက်ကူးရရှိခဲ့တဲ့ပုံထဲက သစ်နက်ဟာ အထီးဖြစ်ပြီး အရွယ်အစားအနေအထားအရ အသက်နှစ်နှစ်အရွယ်လောက်ရှိနေပြီလို့ ဝီလ် ကယူဆထားပါတယ်။

“အခုလို ထူးခြားရှားပါးသတ္တဝါတစ်ကောင်ရဲ့ပုံကိုရဖို့မျှော်လင့်ထားပေမဲ့ အခုလောက် ချက်ချင်းကြီးရလာမယ်လို့တော့မတွေးထားခဲ့ပါဘူး။ ပုံမှန်ဆိုရင် ကင်မရာမီးဖွင့်ပြီးရိုက်ယူတဲ့ပုံတွေထဲမှာ ဘာသတ္တဝါကို ရိုက်ထားတယ်ဆိုတာ အမြဲရှင်းရှင်းလင်းလင်းမြင်ရတတ်ပေမဲ့ အခုကတော့ သစ်နက်က ညအမှောင်ထဲမှာရောနေလေို့ သူ့မျက်လုံးတွေကိုပဲ မြင်ရတယ်” လို့ ဝီလ်က ပြောပြပါတယ်။

“ဒီဒေသတစ်ဝိုက်မှာ သစ်နက်တွေရှိနေတယ်ဆိုတာကိုတော့ ကျွန်တော်တို့အမြဲကြားရပါတယ်။ ဒါပေမဲ့ သူတို့ရှိကြောင်း သက်သေခိုင်ခိုင်မာမာတစ်ခုမှမပြနိုင်ကြတော့လည်း ဒီသတင်းတွေက ပြန်ပျောက်သွားတာပါပဲ” လို့ ကျားသစ်စူးစမ်းလေ့လာရေးစီမံချက်ရဲ့ခေါင်းဆောင် နစ်ခ်လက်စ် ပီလ်ဖိုးလ်ဒ် (Nicholas Pilfold) ကပြောပြခဲ့ပါတယ်။

အခုရလိုက်တဲ့ပုံတွေက အာဖရိကမှာ နှစ် ၁၀၀ နီးပါးအတွင်း ပထမဆုံးရလိုက်တဲ့ သစ်နက်အစစ်ရဲ့ပုံတွေဖြစ်ပြီး ဒီဒေသဟာလည်း အာဖရိကတိုက်တစ်ခုလုံးမှာ သစ်နက်ရှိတဲ့ တစ်ခုတည်းသောနေရာ ဖြစ်ပါတယ်။ ကင်ညာနေ့စဉ်သတင်းစာတစ်စောင်ကတော့ ဒီပုံတွေကိုသံသယရှိနေပြီး ဒါတွေဟာ ၂၀၁၃ ခုနှစ်ကရိုက်ခဲ့တဲ့ ကျားသစ်ပုံတွေနဲ့ ဆင်တူနေတယ်လို့ ဆိုထားပါတယ်။ ဝီလ်က ကင်မရာတွေကို ပထမဆုံးစစ်ကြည့်ချိန်မှာ သူ့ကိုစိုက်ကြည့်နေပုံပေါက်တဲ့မျက်လုံးတစ်စုံရဲ့ပုံကို တွေ့ခဲ့ရပေမဲ့ သာမန်ကျားသစ်တစ်ကောင်ပဲလို့ယူဆခဲ့တာပါ။ အဲဒီနောက် သီတင်းပတ်နည်းနည်းအကြာမှာ ဘယ်လိုပုံတွေရနေပြီဆိုတာစစ်ဆေးဖို့ ထပ်ရောက်လာခဲ့ချိန်မှာတော့ အံ့အားသင့်စရာပုံတွေက သူ့ကိုစောင့်ကြိုနေခဲ့ပါတယ်။

အခုတွေ့ရတဲ့ သစ်နက်ရဲ့အရွယ်ဟာ သူ့ပိုင်နက်ကို သူ့ထက် ပိုသန်မာကြီးမားတဲ့အထီးတစ်ကောင်ရဲ့လုယူခြင်းခံရပြီး ပိုင်နက်အသစ်ရှာဖို့ တခြားကိုထွက်သွားရတဲ့အရွယ်လို့လည်း ဝီလ်က သစ်နက်တွေရဲ့ သဘာဝကိုပြောပြပါတယ်။ သစ်နက်တွေဟာ တောရိုင်းတိရိစ္ဆာန်တစ်မျိုးပဲဖြစ်ပြီး အနက်ရောင်ဖြစ်နေတဲ့အချက်က တခြားကျားသစ်တွေနဲ့ ဘာမှကွဲပြားမသွားပါဘူးလို့ ဝီလ်ကယူဆထားပြီး “သူတို့တွေ အနက်ရောင်ဖြစ်နေကြတာက အမွေးမှာမယ်လ်နင် (melanism) များနေတာကြောင့်လေ။ အိမ်မွေးကြောင်တွေ ဒါမှမဟုတ် တခြားဘယ်လိုကြောင်မျိုးစိတ်မှာမဆို ဒီလိုရှိနိုင်တာပါပဲ။ ဒါက ဗီဇဖောက်ပြန်မှုပုံစံတစ်မျိုးဖြစ်ပါတယ်” လို့ ပြောပါတယ်။

တကယ်တော့ သစ်နက်ဆိုတဲ့သတ္တဝါဟာ အမွေးမှာ မယ်လ်နင် (ရောင်ခြယ်ပစ္စည်း) များနေတဲ့ကြောင်အကြီးစားတစ်မျိုးသာဖြစ်ကာ အာဖရိကနဲ့ အာရှမှာ (Black Leopard) လို့ခေါ်ကြပြီး တောင်အမေရိကမှာတော့ (Black Jaguar) လို့ ခေါ်ကြပါတယ်။ (Black panther ကတော့ ပိုခေါ်ရလွယ်တဲ့နာမည်လို့ ဆိုပါတယ်)

ဝီလ်က ဒီသစ်နက်ရဲ့ဖခင်လို့ယူဆရတဲ့ ကျားသစ်တစ်ကောင်ရဲ့ပုံကိုလည်း ကင်မရာတွေထဲကတစ်လုံးမှာ ရိုက်ကူးမိခဲ့သေးပြီး အဲဒီတစ်ကောင်ကတော့ အနက်ရောင်မဟုတ်ပါဘူး။ တကယ်တမ်းမှာ သစ်နက်တစ်ကောင်မွေးလာဖို့ ကျားသစ်စုံတွဲက အနက်ရောင်ဖြစ်နေဖို့မလိုဘဲ အမွေးရောင်ခြယ်ပစ္စည်းလွန်ကဲစွာပါဝင်မှုဗီဇကို လက်ဆင့်ကမ်းနိုင်ဖို့သာလိုအပ်တာဖြစ်ပါတယ်။ အာဖရိကအရှေ့ပိုင်းမှာ လူမသိသူမသိရှင်သန်နေထိုင်နေတဲ့သစ်နက်ကောင်ရေ ဘယ်လောက်ရှိလဲဆိုတာ အတိအကျပြောဖို့ခက်ပြီး အရေအတွက်နည်းနည်းလောက်တော့ သေချာပေါက်ရှိနိုင်တယ်လို့ ဝီလ်က ပြောပြခဲ့ပါတယ်။

Ref: BBC.com “Black panther: Rare animal caught on camera in Kenya”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top