ဘန်ကောက်တွင် လှပသည့်မွေထိုင်းလက်ဝှေ့ကိုပြသမည့် Superlek

Superlek-BBB_8435.jpg

လာမည့် ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင်ကျင်းပမည့် ONE Championship ပြိုင်ပွဲကြီးတွင် ထိုင်းနိုင်ငံ၏ ရိုးရာ အားကစားနည်းဖြစ်သော လှပသည့်မွေထိုင်းပညာစွမ်းအားကိုပြသရန် Superlek က စိတ်ဆုံးဖြတ်ထားသည်။ Lumpinee Stadium မှ ပေးအပ်သော ကမ္ဘာ့မွေထိုင်းချန်ပီယံဆုကို နှစ်ကြိမ်တိုင်ရရှိထားသည့် Superlek သည် ကမ္ဘောဒီးယားကစားသမား Lao Chetra နှင့် ONE: CLASH OF LEGENDS ပြိုင်ပွဲကြီး၏ ဖလိုင်းဝိတ်တန်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် ၎င်းတို့ နှစ်ဦးသည် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားများတွင် အသုံးပြုသည့် ၄ အောင်စလေးသော လက်ဝှေ့လက်အိတ်ကိုအသုံးပြုကာယှဉ်ပြိုင်ရမည် ဖြစ်သည်။

“ကျွန်တော် ဒီပွဲမှာ မွေထိုင်းအားကစားနည်းရဲ့ စွမ်းရည်ကို ပြသချင်ပါတယ်၊ ဒီပွဲမှာ ကျွန်တော်အနိုင်ရချင်တယ်။ ပြောရရင် အနိုင်ဆိုတာထက်ပိုပါတယ်။ လှလှပပလက်စွမ်းပြပြီး အနိုင်ရချင်တာမျိုးပါ” ဟု Superlek က အဆိုပါပွဲနှင့် ပတ်သက်သည့်ရည်မှန်းချက်ကို ဖွင့်ဟပြောကြားသည်။ ၎င်းသည် ကိုယ်ခံပညာသိုင်းပေါင်းစုံကြိုးဝိုင်းအတွင်း ကမ္ဘာ့ချန်ပီယံသမိုင်းသစ်ရေးထိုးနိုင်ရန်အတွက် အကောင်းဆုံး ကြိုးစားသွားမည်ဖြစ်သည်။

Superlekလျှောက်ရမည့်လမ်းသည် ခက်ခဲကြမ်းတမ်းမှုပေါင်းများစွာဖြင့်လှမ်းရမည်ဖြစ်သည်။ အဆိုပါဝိတ်တန်းတွင် Petchdam Petchyindee Academy၊ Panpayak Jitmuangnon နှင့် လက်ရှိ ဖလိုင်းဝိတ်တန်း ချန်ပီယံ Sam-A Gaiyanghadao တို့ကို ကျော်ဖြတ်နိုင်မှသာ ချန်ပီယံအိပ်မက်မက်ခွင့်ရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ Superlek သည် ၎င်းဘဝတစ်လျှောက် ပွဲပေါင်း (၁၂၀) အနိုင်ရထားပြီး (၂) ပွဲသရေ ကျကာ (၂၈) ပွဲရှုံးထားသည်။

Superlek အတွက် ပထမအဆင့်စိန်ခေါ်မှုမှာ အသက် (၁၉) နှစ်အရွယ် ကမ္ဘောဒီးယားကစားသမား Lao Chetra ဖြစ်သည်။ Chetra သည် အသက်အရွယ်အားဖြင့်ငယ်သော်လည်း ကမ္ဘောဒီးယားရိုးရာခမာလက်ဝှေ့ ကစားသမားများထဲတွင် ထိပ်တန်းအဆင့်ရှိသူဖြစ်သည်။ ၎င်းသည် အသက်ငယ်သေးသော်လည်း ပွဲပေါင်း ၁၂၀ အနိုင်ရရှိထားပြီး ၅ ပွဲ သရေကျကာ ၂၁ ပွဲ ရှုံးထားသည်။ Lao Chetra သည် ဒေသတွင်း Bayon Stadium ပြိုင်ပွဲ၏ ကမ္ဘာ့ချန်ပီယံဘွဲ့ကိုလည်း ရရှိထားသူဖြစ်သည်။

Superlek အနေဖြင့် ၎င်း၏ပြိုင်ဘက်၏ စွမ်းရည်နှင့် ဂုဏ်သတင်းကြီးမားမှုကို ကောင်းကောင်းသိထားသည်။ သို့သော် မီးရောင်များအောက်ရှိ ကြိုးဝိုင်းထဲတွင် ပြိုင်ဘက်ထက် နှာတစ်ဖျားသာလိမ့်မည်ဟု ၎င်းက ယုံကြည်ထားသည်။

“သူက တကယ့်ကစားသမားကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော်ကအတွေ့အကြုံပိုများပါတယ်” ဟု Superlek က ဆိုသည်။

“ကျွန်တော့်ပြိုင်ဘက်မှာ ကြောက်စရာကောင်းတဲ့ တံတောင်ရိုက်ချက်နဲ့ ဘယ်ခြေကန်ချက်တွေ ရှိပါတယ်။ ဒါတွေကို ကျွန်တော်သတိထားရမယ်။ Chetra ဟာ သန်မာပြီး သက်လုံအတော်ကောင်းပါတယ်။ ဒါကြောင့် ကျွန်တော်အနေနဲ့ ကြံ့ခိုင်မှုအပိုင်းကို အဓိကထားပြီးလုပ်ရမယ်” ဟု Superlek က သုံးသပ်ပြောဆိုခဲ့သည်။

ဘူရီယမ်ပြည်နယ်၊ ဖက်ခွန်ချိုင်းအရပ်သည် ကမ္ဘာ့ချန်ပီယံပေါင်းမြောက်များစွာကို မွေးထုတ်ပေးခဲ့သည့်နေရာ တစ်ခုအဖြစ် ထင်ရှားလှသည်။ ထို့ကြောင့် Superlek သည် ၎င်းလေ့ကျင့်လျက်ရှိသည့် Kiatmoo9 လေ့ကျင့်ရေးရုံတွင် အကောင်းဆုံးလေ့ကျင့်ပေးနိုင်မည်ကို ယုံမှားရန်မလိုပေ။

“ကျွန်တော်ရဲ့လေ့ကျင့်ရေးစင်တာက တခြားစင်တာတွေနဲ့ သိပ်ပြီးမခြားနားပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးဟာ အလုပ်ကို ကြိုးကြိုးစားစားလုပ်ကြတယ်။ ကိုယ့်အခြေအနေကိုယ်သိပြီး ဘယ်အချိန်အနားယူရမယ်ဆိုတာလည်း သိပါတယ်။ အားလုံးက ကိုယ့်တာဝန်ကိုယ်ယူတက်ပြီး အတူတူပေါင်းပြီးလုပ်ဆောင်တက်ကြပါတယ်” ဟု Superlek က ၎င်း၏ လေ့ကျင့်ရေးစင်တာအကြောင်း ဖွင့်ဟခဲ့သည်။

“ကစားသမားအတော်များများက ONE Championship မှာ ယှဉ်ပြိုင်ရတဲ့အခွင့်အရေးကို လိုချင်ကြတယ်။ ဒီအခွင့်အရေးကို ကျွန်တော်ဖမ်းဆုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်ပရိသတ်ကို ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ ကျွန်တော်အနေနဲ့ ပရိသတ်အများကြီးရဲ့ ရှေ့မှောက်မှာ ယှဉ်ပြိုင်ရမှာ တကယ့်ကိုဂုဏ်ယူစရာပါပဲ” ဟု Superlek က ပြောကြားခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top