ကလေးငယ် တွေကို သွက်လက် တက်ကြွမှု ရှိလာအောင် တိုက်တွန်းနည်း

children-playing-football-match-with-father.jpg

အသက်လေးနှစ်ကနေ ခြောက်နှစ်ကြားကလေးတွေမှာ အိမ်ထဲမှာ ပတ်ပြေးပြီး ဆော့တာပဲ ဖြစ်ဖြစ် အိမ်မွေးခွေးနဲ့ လမ်းလျှောက်ထွက်တာပဲ ဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုကတော့ လိုအပ်ပါတယ်။ အထူးသဖြင့် အေရိုးဗစ်လေ့ကျင့်ခန်းနဲ့ ကာယလေ့ကျင့်ခန်းတွေက ကလေးတွေရဲ့ ကြွက်သားနဲ့ အရိုးကို သန်မာစေပြီး နှလုံးသွေးလည်ပတ်မှု ကောင်းစေပါတယ်။ သွေးသကြားဓာတ်ကို ထိန်းပေးထားတဲ့အတွက် ဆီးချို ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။ ဒါပေမဲ့ ဒီခေတ်ကြီးထဲမှာ ကလေးတွေက အခန်းအောင်းနေရတာကို ပိုကြိုက်နှစ်သက်တဲ့အတွက် မိဘတွေအနေနဲ့ သူတို့လေးတွေ အားကစားမှာစိတ်ဝင်စားလာအောင် တိုက်တွန်းပေးဖို့က တာဝန်တစ်ရပ် ဖြစ်လာပါတယ်။

အရေးကြီးတဲ့ အချက်ကတော့ ကလေးတွေကို screen ကြည့်ချိန် လျှော့ချပေးပါ။ တချို့ကလေးတွေက ရုပ်မြင်သံကြားမှာ သူတို့ကြိုက်တဲ့ ဇာတ်ကားလာပြီဆိုရင် မထတမ်း ကြည့်ကြပါတယ်။ ဒီလိုကလေးတွေကို ကြော်ငြာလာချိန် ခဏတဖြုတ် ၅ မိနစ်လောက် ကိုယ်လက်လှုပ်ရှား ခိုင်းပါ။ ကလေးငယ်တွေကို ရုပ်မြင်သံကြားကြည့်ချိန်၊ စမတ်ဖုန်းသုံးချိန်ကို အများဆုံး တစ်နာရီကနေ ၂ နာရီလောက်ထိပဲ ကန့်သတ်ခွင့်ပြုထားပါ။

မိသားစု အတူတူ ပူးပေါင်းပြီး လမ်းလျှောက်ထွက်တာမျိုး ဘတ်စကတ်ဘောကစားတာမျိုး ကျင့်ပေးထားမယ်ဆိုရင် ကလေးရဲ့ ပုံမှန်အလေ့အထတစ်ခု ဖြစ်လာပြီး တက်ကြွမှု ပိုလာမှာ ဖြစ်ပါတယ်။ ကလေးတွေက တစ်ယောက်တည်း ဆောင်ရွက်ရမှာ ပျင်းတတ်လို့ မိသားစုဝင်တွေနဲ့ တူတူ ဆောင်ရွက်ရမယ်ဆိုရင် လေ့ကျင့်ခန်းက ပျော်စရာကောင်းစေမှာပါ။

သွက်လက်တက်ကြွမှုရှိတဲ့ ကလေးငယ်ဖြစ်စေချင်ရင်တော့ ပြေးလွှားဆော့ကစားဖို့ နေရာပေးပါ။ အိမ်ထဲမှာ လိုက်မပြေးနဲ့လို့ အော်နေမယ်ဆိုရင် ကလေးတွေက တက်ကြွ လှုပ်ရှားဖို့ နေရာမရှိပါဘူး။ ဘောလုံးပစ်တမ်း ပြေးတမ်းလိုက်တမ်း ကစားတာမျိုးကတော့ ခြံထဲမှာ ခွင့်ပြုပေးသင့်ပါတယ်။ တကယ်လို့ အိမ်နေရာ မကျယ်ရင်တော့ အားကစားကွင်းကိုသာ ခေါ်သွားလိုက်တာ ပိုကောင်းပါတယ်။

အားကစားပွဲ တူတူကြည့်တာက သူတို့လေးတွေ အားကစားလုပ်ချင်စိတ်ရှိအောင် တွန်းအားပေးရာ ရောက်ပါတယ်။ တချို့ကလေးတွေက ကခုန်ရတာကို သဘောကျတယ်ဆိုရင် ကလေးတွေအတွက် ကခုန်လို့ရတဲ့ နေရာလေးတွေဆီ ခေါ်သွားပေးပါ။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်တတ်တဲ့အကျင့်ရှိအောင် ငယ်စဉ်ကတည်းက သင်ပေးထားမယ်ဆိုရင် ကလေးရဲ့ ဘဝတစ်လျှောက်အတွက် အထောက်အကူ ပြုပါတယ်။ အရမ်းကြီး အတင်းအကျပ် ဖိအားပေး တိုက်တွန်းပြီး လုပ်ခိုင်းစရာမလိုဘဲ ကလေးသဘောကျတဲ့ အရာတွေနဲ့ မြူပြီး စိတ်ပါလာအောင် ဆွဲခေါ်ရမှာ မိဘတွေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။

Ref: Parents.com: “How to encourage children to be active”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top